တန်ဟက်ခ်စိတ်ကြိုက် မြက်ခင်းပြင်အနေအထားကို မရရှိနိုင်ပါဘူး။

ယူနိုက်တက်နည်းပြ အဲရစ်တန်ဟက်ခ် ကစားချင်တဲ့ ကစားဟန်နဲ့ ယူနိုက်တက်အိမ်ကွင်း အိုးထရက်ဖို့ဒ်မှာရှိတဲ့ မြက်ခင်းပြင်ရဲ့ အနေအထားက လိုက်ဖက်မှုမရှိတာကြောင့် အခက်အခဲဖြစ်နေကြတယ်လို့ သိရှိရပါတယ်။ တန်ဟက်ခ်ဟာ သူ့စိတ်ကြိုက် Total Football ကစားဟန်ကို ယူနိုက်တက်မှာ အသက်သွင်းဖို့ ပြင်ဆင်နေတာပါ။



ဒီအတွက် ကစားသမားတွေရဲ့ ကြံ့ခိုင်မှု၊ နည်းစနစ်ပိုင်းကျေညက်မှု အစရှိတာတွေအပြင် ကွင်းမြက်ခင်းပြင်ရဲ့ မြက်အတိုအရှည်ကလည်း အရေးပါနေပါတယ်။ တန်ဟက်ခ်အနေနဲ့ သူ့ရဲ့ကစားဟန်အတွက် မြက်ခင်းရဲ့အရှည်က (၁.၅) စင်တီမီတာသာရှိရမှာဖြစ်ပေမယ့် အခု အင်္ဂလန်နိုင်ငံ၊ မန်ချက်စတာမြို့က အိုးထရက်ဖို့ဒ်ကွင်းမှာတော့ ဒါကို အကောင်အထည်ဖော်ဖို့ ခက်ခဲနေပါတယ်။

တန်ဟက်ခ်ဟာ အေဂျက်စ်မှာ သူသတ်မှတ်ခဲ့တဲ့ မြက်ခင်းပြင်ရဲ့စံနှုန်းအတိုင်း ယူနိုက်တက်ရဲ့ ကာရင်တန်လေ့ကျင့်ရေးကွင်းမှာရော၊ အိုးထရက်ဖို့ဒ်မှာပါ ပုံဖော်ချင်နေတာပါ။ ဒါပေမယ့် ကွင်းဝန်ထမ်းတွေကတော့ တန်ဟက်ခ်တောင်းဆိုနေတဲ့ မြက်အနေအထားက တိုလွန်းအားကြီးတယ်လို့ ယူဆနေပြီး ရာသီဥတုပြင်းထန်အေးခဲတဲ့ ဆောင်းရာသီကာလတွေမှာ မြက်ပင်တွေသေသွားနိုင်တယ်လို့ ဆိုနေကြပါတယ်။

ကွင်းဝန်ထမ်းတွေဟာ အနည်းဆုံးတော့ မြက်ပင်ကို တန်ဟက်ခ်တောင်းဆိုနေတဲ့ပမာဏထက် (၀.၅) စင်တီမီတာ ပိုမိုရှည်လျားအောင်ထားရမယ်လို့ ယုံကြည်ထားပါတယ်။ ဒါဟာ တန်ဟက်ခ်ရဲ့အသင်းကစားဟန်အပေါ် အကျိုးသက်ရောက်မှုရှိနိုင်တယ်လို့ အချို့ကသုံးသပ်နေကြပါတယ်။ မန်ချက်စတာမြို့ဟာ ရာသီဥတုဆိုးရွားတဲ့နေရာမှာ နာမည်ကြီးမြို့တမြို့ဖြစ်ပြီး အခု မြက်ခင်းအနေအထားကြောင့် တန်ဟက်ခ်တယောက် စိတ်ရှုပ်ရဖွယ်ရှိပါတယ်။

ပြီးခဲ့တဲ့ရာသီက ခရစ္စတယ်ပဲလေ့စ်နဲ့မန်စီးတီးတို့ သရေကျခဲ့တဲ့ပွဲအပြီးမှာလည်း ဂွါဒီယိုလာက ခရစ္စတယ်ပဲလေ့စ်အိမ်ကွင်းက မြက်ခင်းပြင် အနေအထားကို ဝေဖန်ခဲ့ဖူးပါသေးတယ်။ ဒါပေမယ့်လည်း ပရိသတ်တွေက အိမ်ကွင်းအီတိဟတ်မှာ ဂွါဒီယိုလာစိတ်ကြိုက် မြက်ခင်းအနေအထားနဲ့ ကစားခဲ့ရတုန်းကလည်း မန်စီးတီးတို့ ခရစ္စတယ်ပဲလေ့စ်ကို ရှုံးနိမ့်ခဲ့ရတယ်ဆိုပြီး ပြန်လည်လှောင်ပြောင်ခဲ့ကြပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က