လက်ရှိနွေရာသီစျေးကွက်မှာ အာဆင်နယ်တို့ ပေါ်တိုကနေ ခေါ်ယူထားတဲ့ ကွင်းလယ်လူ ဖေဘီယိုဗီအဲရာဟာ ဒဏ်ရာပြဿနာနဲ့ ရင်ဆိုင်နေရတယ်လို့ သိရှိရပါတယ်။ အသက် (၂၂) နှစ်အရွယ် ဒီကစားသမားဟာ အာဆင်နယ်ကို ပြောင်းရွှေ့ကြေး ပေါင် (၃၄) သန်းနဲ့ ပြောင်းရွှေ့ဖို့ အလုံးစုံ သဘောတူညီမှုရရှိခဲ့ပြီးဖြစ်ပါတယ်။
ဒါပေမယ့် နောက်ဆုံးထွက်ပေါ်လာတဲ့ ဗီအဲရာရဲ့ ဓာတ်ပုံမှာ ဒီကစားသမားက ခြေထောက်ကို အကာအကွယ်ပေးထားရတဲ့ဖိနပ် ဝတ်ဆင်ထားရတာကို မြင်တွေ့ခဲ့ရပါတယ်။ အင်စတာဂရမ်ပေါ်ကတဆင့် ဒီဓာတ်ပုံက ပျံ့နှံ့လာခဲ့တာဖြစ်ပြီး ဗီအဲရာရဲ့ ဘယ်ဘက်ခြေကျင်းဝတ်မှာ ဒဏ်ရာရရှိနေခဲ့တာပါ။
ဘောလုံးဂျာနယ်လစ်တယောက်ဖြစ်တဲ့ ဂျိမ်းစ်ဘန့်ချ်ကတော့ ဗီအဲရာရဲ့ ဒဏ်ရာက အသေးစားဒဏ်ရာပြဿနာသာဖြစ်တယ်လို့ ပြောကြားထားပါတယ်။ ဗီအဲရာအနေနဲ့ လက်ရှိအချိန်မှာ အာဆင်နယ်နဲ့အတူ ရာသီကြိုခြေစမ်းပွဲတွေမှာ ပါဝင်ကစားနိုင်ဖို့ရှိ၊ မရှိကို မသိရှိရသေးပါဘူး။
လက်ရှိနွေရာသီမှာ အာဆင်နယ်က ဆော်ပေါ်လိုက လူငယ်ကစားသမားလေး မာကွင်ဟို့စ်၊ အခု ဖေဘီယိုဗီအဲရာနဲ့ မန်စီးတီးတိုက်စစ်မှူး ဂျီးဆပ်စ်တို့ကို ခေါ်ယူထားပြီးဖြစ်ပါတယ်။ အာဆင်နယ်ဟာ လိဒ်စ်တိုက်စစ်ကစားသမား ရာဖင်ဟာနဲ့ အေဂျက်စ်နောက်ခံလူ လီဆန်ဒရိုမာတီနက်ဇ်တို့ကို ခေါ်ယူဖို့ ပစ်မှတ်ထားခဲ့ပေမယ့် နှစ်ယောက်လုံးကတော့ အာဆင်နယ်ကို ပြောင်းရွှေ့လိုခြင်းမရှိပါဘူး။
အခု အိုဇေးလ်လက်သစ်၊ ကာဇိုလာလက်သစ်အဖြစ် အာဆင်နယ်ပရိသတ်တွေက တင်စားထားတဲ့ ဗီအဲရာကလည်း အသင်းနဲ့မပူးပေါင်းခင်မှာတင် ဒဏ်ရာရရှိခဲ့တာကြောင့် ပြိုင်ဘက်ပရိသတ်တွေအပြင် အာဆင်နယ်ပရိသတ်တွေအကြားမှာပါ လှောင်ပြောင်ရယ်မောစရာဖြစ်နေခဲ့ပါတယ်။