ကမ္ဘာ့အချမ်းသာဆုံးသူဌေးကြီးတစ်ဦးဖြစ်တဲ့ အီလွန်မတ်စ် တည်ထောင်ထားတဲ့ အဆင့်မြင့်အာရုံကြောထိန်းချုပ်နည်းပညာကုမ္ပဏီရဲ့ ထုတ်ကုန်ကို နောက် ၆ လအတွင်း လူနဲ့ စမ်းသပ်သွားဖို့ ရှိပါတယ်။
အီလွန်မတ်စ်ရဲ့ Neuralink ဉီးနှောက်ကြားခံနည်းပညာကုမ္ပဏီဟာ လူ့ခေါင်းထဲ ထည့်သွင်းနိုင်တဲ့ အဆင့်မြင့် Microchip တစ်မျိုးထည့်သွင်းပြီး အာရုံကြောထိခိုက်ဒဏ်ရာရသူတွေကို ကုသဖို့ ကြိုးစားနေတာပါ။ ဦးနှောက်ထိန်းချုပ်မှု ကြားခံနည်းပညာလုပ်ငန်းတစ်ခုဖြစ်တဲ့ Neuralink ဟာ ၂၀၁၉ ခုနှစ်ကတည်းက လူ့ဦးနှောက်ထဲ အာရုံခံ Sensors တွေ ထည့်သွင်းဖို့ မျှော်မှန်းခဲ့တာပါ။
Photo: Mashable ME
"နောက် ၆ လ လောက်လို့ ထင်ပါတယ်။ Nerualink ကို လူတစ်ယောက်ထဲ ထည့်သွင်းပေးနိုင်ဖို့ ရှိပါတယ်" လို့ အီလွန်မတ်စ်က ပြောပါတယ်။
Neuralink ကုမ္ပဏီဟာ ဝက်တွေရဲ့ ခေါင်းထဲမှာ ချပ်စ်ထည့်သွင်းစမ်းသပ်ခဲ့တဲ့ ကုမ္ပဏီ ဖြစ်ပါတယ်။ မျောက်တွေမှာလည်း အလားတူ စမ်းသပ်မှုတွေ လုပ်ဆောင်ခဲ့တာ ဖြစ်ပြီး အောင်မြင်မှုရခဲ့တယ်လို့ ဆိုပါတယ်။ အဲ့ဒီအချိန်က အီလွန်မတ်စ်ဟာ "Neuralink က မျောက်တွေနဲ့ စမ်းသပ်ရာမှာ အလုပ်ကောင်းကောင်းလုပ်ပါတယ်။ တကယ်လို့ ကျွန်တော်တို့ စမ်းသပ်မှုတွေ အများကြီး လုပ်နေကြပါတယ်။ စိတ်ချရပြီး ဘေးလည်း အလွန်ကင်းတယ်လို့ အတည်ပြုချက်တွေ ရထားပါတယ်။ Neuralink ထုတ်ကုန်က ခေါင်းထဲက ဖယ်ရှားရာမှာလည်း ဘေးကင်းကင်းနဲ့ ဖယ်ရှားနိုင်ပါတယ် " လို့ ပြောခဲ့ဖူးပါတယ်။
Neuralink ဇီဝနည်းပညာကုမ္ပဏီရဲ့ မျောက်ခေါင်းထဲ microchip ထည့်သွင်းစမ်းသပ်မှုတွေမှာ မျောက် ၂၃ ကောင်ထဲက ၁၅ ကောင် သေဆုံးစေခဲ့တယ်လို့လည်း တိရစ္ဆာန်အခွင့်အရေးအဖွဲ့အစည်း Physicians Committee for Responsible Medicine က အမေရိကန်စိုက်ပျိုးရေးဌာနကို တင်သွင်းတဲ့ တိုင်ကြားချက်မှာ ဖော်ပြထားပါတယ်။ Neuralink ကုမ္ပဏီအမှုဆောင်အရာရှိချုပ် အီလွန်မတ်စ်အနေနဲ့ လူ့ခန္ဓာကိုယ်အတွင်း Neuralink ချပ်စ်ထည့်သွင်းမှု လုပ်နိုင်မယ့်အကြောင်းကို ပြောခဲ့တာ ဒီတစ်ကြိမ် ပထမဆုံး မဟုတ်ပါဘူး။
၂၀၂၁ ဖေဖော်ဝါရီလထဲမှာ ၂၀၂၁ နှစ်အကုန် လူခေါင်းထဲ Neuralink ထည့်နိုင်မယ်လို့ ပြောထားပြီး ၂၀၁၉ မှာ Neuralink ကို ၂၀၂၀ နှစ်ကုန်ကစပြီး လူတွေမှာ စမ်းသပ်သွားမယ်လို့ ပြောခဲ့ပါတယ်။ လူနဲ့ စမ်းသပ်သွားမယ့်ကိစ္စ ကြန့်ကြာနေဆဲ ဖြစ်ပေမယ့် Nerualink ထုတ်ကုန် ထည့်ထားတဲ့မျောက်တစ်ကောင် Video Game ကစားနေတဲ့ ဗွီဒီယိုကို Neuralink က ဧပြီလထဲမှာ ဖော်ပြခဲ့တာ ဖြစ်ပါတယ်။
ဇူလိုင်လထဲမှာ Neuralink ကုမ္ပဏီရဲ့ ပြိုင်ဘက် Synchron ဟာ နယူးယော့ခ်မြို့ Mount Sinai Hospital မှာ ကြွက်သားအားနည်းတဲ့ ALS အာရုံကြောရောဂါ ခံစားနေရတဲ့ လူတစ်ယောက်ကိုယ်ထဲကို တစ်လက်မခွဲအရွယ် Implant တစ်ခု အောင်အောင်မြင်မြင် ထည့်သွင်းပေးနိုင်ခဲ့ပါတယ်။ ဒီချပ်စ်ကြောင့် ALS ဝေဒနာရှင်ဟာ ချပ်စ်အကူအညီနဲ့ လူရဲ့အတွေးကို ကွန်ပျူတာဆီ အမိန့်ပေးပြီး အင်တာနက်သုံးတာ ၊ မက်ဆေ့ချ်ပို့တာတွေ လုပ်နိုင်စွမ်း ရှိခဲ့ပါတယ်။
Synchron ဟာ ဩစတြေးလျမှာ ရှိတဲ့ လူနာ ၄ ဦးမှာလည်း အလားတူ ထုတ်ကုန်တွေ ထည့်သွင်းခဲ့ပြီး ထုတ်ကုန်အကူအညီနဲ့ WhatsApp မက်ဆေ့ချ်ပေးပို့တာ ၊ အွန်လိုင်းဈေးဝယ်တာတွေ လုပ်နိုင်စွမ်း ရှိတယ်လို့ ဆိုပါတယ်။ အီလွန်မတ်စ်ရဲ့ Neuralink Corp အနေနဲ့ လူ့ကိုယ်ထဲ ချပ်စ်ထည့်တဲ့ ပထမဆုံးကုမ္ပဏီ မဟုတ်ပေမယ့် ပိုပြီး နည်းပညာမြင့်မားနေမလားဆိုတာ စောင့်ကြည့်ရမှာပါ။