ရီးရဲလ်မက်ဒရစ်အသင်းရဲ့ ကွင်းလယ်လူ ဂျု့ဒ်ဘယ်လင်ဟမ်ဟာ ဒီနေ့မနက်က ကစားခဲ့တဲ့ မန်ချက်စတာယူနိုက်တက်နဲ့ပွဲမှာ ပြိုင်ဘက်နောက်ခံလူ မာတီနက်ဇ်ရဲ့ သူ့အပေါ် ဖျက်ထုတ်ပုံအပေါ် ဒေါသထွက်ခဲ့ပါတယ်။ ပွဲကစားချိန်အတွင်း မာတီနက်ဇ်ရဲ့ ကြမ်းတမ်းတဲ့ ကစားပုံအတွက် ဘယ်လင်ဟမ်က တော်တော်လေးစိတ်ဆိုးနေခဲ့တာပါ။
ဘယ်လင်ဟမ်ဟာ မာတီနက်ဇ်ကို ရန်မူဖို့အတွက်ပါ ခံစားချက်ပြင်းထန်ခဲ့ပြီး မေဆန်မာင့်နဲ့ အခြားကစားသမားတွေက ဝိုင်းဖျန်ဖြေပေးခဲ့ရပါတယ်။ ဘယ်လင်ဟမ်ကတော့ ဒီပွဲမှာ ရီးရဲလ်အတွက် ခြေစွမ်းပြခဲ့ပြီး အဖွင့်ဂိုးသွင်းပေးခဲ့ကာ အကောင်းဆုံးကစားသမားဆုကိုလည်း ရယူသွားနိုင်ခဲ့ပါတယ်။
ပွဲအပြီးမှာ ဘယ်လင်ဟမ်က သူ မာတီနက်ဇ်ကို စိတ်မဆိုးတော့ဘူးလို့ ပြောဆိုခဲ့ပြီး အာဂျင်တီးနားသားက သူ့ကို စကားလာရောက်ပြောဆိုခဲ့ကာ အကောင်းဆုံးတွေဖြစ်စေဖို့ ဆန္ဒပြုခဲ့တဲ့အပေါ်လည်း လေးစားမိကြောင်း ဖွင့်ဟသွားခဲ့ပါတယ်။
"သူ့ကို ကျနော် ဘာပြောခဲ့လဲဆိုတာကို ထပ်တလဲလဲပြောဖို့ မဖြစ်ပါဘူး၊ မာတီနက်ဇ်နဲ့ ကတောက်ကဆအနည်းငယ်ဖြစ်ခဲ့တာပါ၊ သူက ကောင်းမွန်တဲ့ ကစားသမားပါ၊ ကျနော်လည်း ဆဲဆိုမှုတွေလုပ်ခဲ့ပါတယ်၊ ဒါပေမယ့် သူ လူစားလဲခံရချိန်မှာ ကျနော့်ဆီကို ရောက်လာပြီး အကောင်းဆုံးဖြစ်ပါစေလို့ ဆုတောင်းပေးခဲ့ပါတယ်"
"အဲဒီအတွက်တော့ ကျနော် တကယ်လေးစားမိပါတယ်" လို့ ဘယ်လင်ဟမ်က သတင်းထောာက်တွေကို ပြောဆိုခဲ့ပါတယ်။ မာတီနက်ဇ်ဟာ ပြီးခဲ့တဲ့ အာဆင်နယ်နဲ့ ခြေစမ်းပွဲတုန်းကလည်း ခပ်ကြမ်ကြမ်းကစားခဲ့လို့ ပြိုင်ဘက်ကစားသမားတွေနဲ့ ပြသနာတက်ခဲ့ပါသေးတယ်။