မက်ဆီတယောက် ကွင်းအတွင်းမှာ ဒေါသအကြီးအကျယ် ပေါက်ကွဲခဲ့တဲ့အကြောင်းကို လက်ရှိကလပ်နဲ့နိုင်ငံအသင်းဖော် ပါရီဒက်စ်က ပြန်ပြောင်း ပြောကြားလာခဲ့ပါတယ်။ ဘာစီလိုနာကို ပီအက်စ်ဂျီက အမ်ဘာပေရဲ့ ဟက်ထရစ်၊ မွိုက်ဆီကင်းန်တို့ရဲ့ဂိုးတွေနဲ့ ၄-၁ ဂိုး အနိုင်ရရှိခဲ့တဲ့ပွဲမှာ ဘာစီလိုနာ ကစားသမားဘဝက မက်ဆီက ပါရီဒက်စ်ကို ဒေါသထွက်ခဲ့တာပါ။
မက်ဆီဟာ အဲ့ဒီပွဲမှာ ဘာစီလိုနာအတွက် ဦးဆောင်ဂိုးကို ပင်နယ်တီကတဆင့် သွင်းယူပေးခဲ့တာပါ။ ဒါပေမယ့် လက်ရွေးစင်အသင်းဖော် ပါရီဒက်စ် သူ့ကို လူချကစားတဲ့အပေါ် တော်တော်လေး ဒေါသပေါက်ကွဲခဲ့ပြီး လူသတ်ချင်စိတ်ပါ ပေါက်နေခဲ့တယ်လို့ ပါရီဒက်စ်က ဖွင့်ဟခဲ့တာဖြစ်ပါတယ်။ ပါရီဒက်စ်က “မက်ဆီကို ကျနော် လူချတဲ့အကြောင်း အသင်းဖော်တယောက်ဆီ ပြောလိုက်တာကို မက်ဆီက ကြားသွားပါတယ်”
“အဲ့ဒီမှာ သူ စိတ်ဆိုးပြီး ကျနော့်ကို သတ်ချင်ခဲ့တာပါ။ ဒါက တော်တော်လေးကို ဆိုးရွားတဲ့ကိစ္စပါ။ ကျနော်ဆိုရင် အိမ်တောင်ချက်ချင်းပြန်ချင်သွားပါတယ်” လို့ ဖွင့်ဟပြောကြားခဲ့ပါတယ်။ ဒါပေမယ့် မက်ဆီက ဒီကိစ္စနဲ့ပတ်သက်လို့ ပါရီဒက်စ်ကို လွယ်လွယ်ကူကူနဲ့ ခွင့်လွှတ်ခဲ့ပြီး အဲ့ဒီကိစ္စကို အခုချိန်မှာ ရယ်ရယ်မောမောနဲ့ ပြန်ပြောနေပြီလို့ သိရပါတယ်။
ဒီအကြောင်းကိုလည်း ပါရီဒက်စ်က “ကျနော်တို့ အာဂျင်တီးနားလက်ရွေးစင်မှာ ပြန်တွေ့ကြတော့ မက်ဆီက ဘာမှမဖြစ်သလိုပါပဲ။ သူ ဘယ်လိုလူမျိုးလဲဆိုတာကို ပြသလိုက်တာပါ။ ကျနော်တို့ရဲ့ ဆက်ဆံရေးက အရင်တိုင်းပဲရှိခဲ့ပြီး အခုချိန်မှာတော့ ကျနော်တို့ ဒီအကြောင်းကို ရယ်ရယ်မောမောနဲ့ ပြန်ပြောနေကြပါပြီ။ ဒါပေမယ့် အဲ့ဒီတုန်းက မက်ဆီ တကယ် ဒေါသပေါက်ကွဲပြီး ကျနော့်ကို သတ်ချင်ခဲ့တာပါ”လို့ ပြောကြားခဲ့ပါတယ်။