ဦးအောင်ခိုင်နဲ့ အတူ ကိုလူချောအဖွဲ့ဝင်တွေဟာ ကွယ်လွန်သွားပြီဖြစ်တဲ့ လူကြမ်းသရုပ်ဆောင် ရန်လေး အတွက်ရည်စူးပြီး ရက်လည်ဆွမ်းကျွေး တရားနာ ပြုလုပ်ပေးခဲ့ကြပါတယ်။
ကိုလူချောအဖွဲ့ ဥက္ကဌဖြစ်သူ ဦးအောင်ခိုင်ဟာ ကွယ်လွန်သွားပြီဖြစ်တဲ့ လူကြမ်းသရုပ်ဆောင် ရန်လေး အတွက် ရက်လည်ဆွမ်းသွပ်တရားနာကို မေလ(၁၁) ရက်နေ့က မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးမှာ ပြုလုပ်ပေးခဲ့ပါတယ်။
“ ရန်လေး ရက်လည်အတွက် ရုပ်ရှင်အစည်းအရုံးမှာပဲ စီစဉ်ပြီး ဘုန်းကြီးတွေကို လှူတယ်။ ဆွမ်းဘုန်းပေးဖို့ အတွက်ရော ၊ ရန်လေးရဲ့ အစ်မတွေ၊ မိတ်ဆွေတွေ နဲ့ ကိုလူချော အဖွဲ့ဝင်တွေအတွက် ထမင်းနဲ့ ဟင်း ပွဲ(၂၀) မှာပြီး လှူဖြစ်တယ်။ ပြီးတော့ ဘုန်းကြီး တစ်ပါးကို ငွေကျပ်(၃၀၀၀၀)စီ လှူဖြစ်တယ်။ ပြီးတော့ အချိုပွဲတို့၊ ဘုရားပန်းကပ်တာတွေ ဆိုရင် စုစုပေါင်း (၃) သိန်း လောက်တော့ ကုန်သွားတယ်။ ဦးအောင်ခိုင်ဆီမှာ စာရင်းရှိပါတယ်။ ကျန်တဲ့ ပိုက်ဆံကိုတော့ ရန်လေးရဲ့ အစ်မတွေက လလည်ဆွမ်းလုပ်ပေးမယ် ပြောတာနဲ့ ဦးအောင်ခိုင် ပေးလိုက်ပါတယ်” လို့ သူက Duwun ကိုပြောပါတယ်။
COVID-19 ကာလအတွင်းမှာ ကွယ်လွန်သွားတဲ့ လူကြမ်းသရုပ်ဆောင် ရန်လေးအတွက် ဦးအောင်ခိုင်နဲ့ အတူ လုပ်ဖော်ကိုင်ဖက်တွေကလည်း စိတ်မကောင်းဖြစ်နေကြတယ်လို့ ဦးအောင်ခိုင်က ပြောပါတယ်။
“ ဦးအောင်ခိုင်တို့ ကိုလူချောအဖွဲ့ဆိုတာကလည်း ဖွဲ့သာ ဖွဲ့ထားတာ အကုန်လုံးက လူကြမ်းတွေချည်းပဲ။ လူဆိုတာက မွေးပြီးရင် တစ်နေ့ သေကြမယ့်သူတွေချည်းပါပဲ။ ဒါပေမယ့် လူကြမ်းတစ်ယောက် ဒီလို ကာလကြီးမှာ ရုတ်တရက် ကွယ်လွန်ခဲ့တယ်။ လူကြမ်းအချင်းချင်းလည်း ကူညီခွင့်မရလိုက်ဘူး။ ဆုံးသွားတော့လည်း လိုက်ပို့ခွင့် မရခဲ့ဘူး။ အားလုံးရဲ့ စိတ်ထဲမှာ တကယ်ကို မကောင်းဘူး” ဆိုပြီးတော့လည်း ဆက်လက် ပြောပြလာပါသေးတယ်။
လူကြမ်းသရုပ်ဆောင် ရန်လေးဟာ ၂၀၂၀ ခုနှစ် မေလ(၅) ရက်နေ့က ကွယ်လွန်ခဲ့တာဖြစ်ပါတယ်။ သူဟာ မကွယ်လွန်ခင်က လေဖြန်းခဲ့တာကြောင့် အရေးပေါ် ဆေးရုံ တင်ခဲ့ရတယ်လို့လည်း ဦးအောင်ခိုင်က ကိုရန်လေးရဲ့ ကျန်းမာရေး အခြေအနေအကြောင်းကို Duwun media အင်တာဗျူးမှာ ဖြေဆိုခဲ့ပါတယ်။ ကိုရန်လေး ရဲ့ ဈာပနကိုလည်း တာဝန်ရှိသူတွေက ချက်ချင်း မီးသဂြိုဟ်ပေးခဲ့ကြတာကြောင့် အနုပညာရှင်တွေ လိုက်ပါပို့ဆောင်ပေးခွင့်တောင် မရလိုက်ရဘူးလို့ သိရပါတယ်။