ချက်ချင်း မီးသဂြိုဟ်လိုက်ရတယ်လို့ သိရပါတယ်။

လူကြမ်းသရုပ်ဆောင် ရန်လေး ကွယ်လွန်သွားတဲ့အချိန်မှာ ကိုလူချောအဖွဲ့အနေနဲ့ ဘာမှ လုပ်ပေးခွင့်မရလိုက်ဘူးလို့ ကိုလူချောအဖွဲ့ ဥက္ကဌဖြစ်သူ ဦးအောင်ခိုင်က ပြောပါတယ်။ 

Photo: Aung Khaing



ကိုလူချောအဖွဲ့ရဲ့ ဥက္ကဌဖြစ်သူ သရုပ်ဆောင် အောင်ခိုင်ဟာ လူကြမ်းသရုပ်ဆောင် ရန်လေး ကွယ်လွန်သွားတဲ့ သတင်းကြောင့် စိတ်မကောင်းဖြစ်လို့နေပါတယ်။ ရန်လေးရဲ့ ဈာပန အတွက်ကိုလည်း ကိုလူချောအဖွဲ့ဝင်တွေ အနေနဲ့ ဘာမှ လုပ်ပေးခွင့်မရခဲ့တာကြောင့် ပိုဝမ်းနည်းမိတယ်လို့ Duwun ကို ပြောပါတယ်။

“ အခုက ဘာမှလုပ်ပေးလို့ မရဘူးဖြစ်နေပါတယ်။ ရန်လေး ဆေးရုံတင်တာကိုသိတယ်။ ရန်လေးက ဦးအောင်ခိုင်တို့ရဲ့ ကိုလူချောအဖွဲ့ဝင်မဟုတ်တော့ဘူး သူ့ရဲ့ ဆန္ဒအလျှောက် နုတ်ထွက်သွားခဲ့တာဖြစ်တယ်။ ဒါပေမယ့်သူဟာ လူကြမ်းသရုပ်ဆောင် တစ်ယောက်ဖြစ်တဲ့အတွက် ဦးအောင်ခိုင်တို့ အဖွဲ့အနေနဲ့ ဘာလုပ်ပေးရင်ကောင်းမလဲဆိုပြီးတော့ ဆေးရုံကို သွားတဲ့အခါမှာ ဆေးရုံပေါ်ကို တက်လို့မရခဲ့ဘူး။ လူနာစောင့်တွေတောင်မှ တစ်ယောက်ပဲ နေလို့ရတာလို့ သိရပါတယ်။ အခု ကွယ်လွန်သွားတဲ့အချိန်မှာလည်း နာရေးနဲ့ ပတ်သက်ပြီးတော့ ဘာလုပ်လို့ရမလဲလို့ မေးလိုက်တဲ့အချိန်မှာ စည်ပင်ကနေပြီးတော့ ချက်ချင်းသဂြိုဟ်လိုက်ပြီတဲ့။ အဲဒီအတွက် ဘာမှ လုပ်ပေးဖို့အချိန်မရလိုက်ပါဘူး။ အဖြစ်အပျက်ကြီးက အရမ်းမြန်လွန်းအားကြီးပါတယ်” လို့ သူက ဆိုပါတယ်။ 

Photo: Tin Tun Win

လူကြမ်းသရုပ်ဆောင် ရန်လေးဟာ မေလ ၅ ရက်နေ့က ကွယ်လွန်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ သူ့အတွက် အနုပညာလောကသားတွေကလည်း စိတ်မကောင်း ဖြစ်လို့နေကြပါတယ်။ လူကြမ်းသရုပ်ဆောင် ရန်လေး မကွယ်လွန်ခင်က ကျန်းမာရေး အခြေအနေကိုလည်း ဦးအောင်ခိုင်က ပြောပြခဲ့ပါသေးတယ်။ 

“သူက အရက်ဖြတ်လိုက်တယ်လို့လည်း သိရတယ်။ အဲဒီအခါကျတော့ ကိုယ်ခံအား နည်းတာဖြစ်သွားတာပေါ့။ ပြီးတော့ လေဖြန်းသွားတယ်လို့လည်း သိရတယ်။လူကြမ်းတစ်ယောက်အနေနဲ့လည်း စိတ်မကောင်း ဖြစ်ရပါတယ်။ ကိုလူချောအဖွဲ့ အနေနဲ့လည်း ရန်လေးအတွက် ကူညီပေးချင်တဲ့ စိတ်နဲ့ ဆေးရုံပေါ်သွားခွင့် ရဖို့လည်း စောင့်နေခဲ့ပါသေးတယ်။ ဒါပေမယ့် ဖြစ်မလာနိုင်ခဲ့ပါဘူး" ဆိုပြီးတော့လည်း ဆက်လက် ပြောပြခဲ့ပါသေးတယ်။ 

Photo: Aung Khing

လူကြမ်းသရုပ်ဆောင် ရန်လေး ဆေးရုံစတက်ရချိန်မှာ အဖျားအရမ်းကြီးနေတာကြောင့် Covid -19 ရောဂါကူးစက်ခံရလားဆိုပြီး စိုးရိမ်စရာတွေ ရှိခဲ့ပေမယ့် ဆေးစစ်ချက်တွေရဲ့ အဖြေအရ Covid ကြောင့်မဟုတ်ဘူးလို့ သိရပါတယ်။

“သူက ဆေးရုံ စတင်တဲ့အချိန်မှာ အဖျားက ၁၀၂ လောက်ရှိတယ်တဲ့။ ပြီးတော့ ၁၀၃၊ ၁၀၄ တို့ အထိ ဖြစ်သွားတယ်။ ဆုံးတာတောင်မှ ဦးအောင်ခိုင်တို့ သတင်းချက်ချင်းမရပါဘူး။ တကယ်လို့ အသုဘလုပ်ရင်လည်း လူက (၂၀) ထက်ပိုလုပ်လို့မရဘူးဆိုတော့ ဘယ်လိုမှ မတက်နိုင်ခဲ့ဘူး။ အဓိက ကတော့ ဆေးရုံကြီးမှာ သူ့ရဲ့ ကျန်းမာရေး ဆေးစစ်မှုတွေ လုပ်တဲ့အခါ သူနေတဲ့ အဆောင်ကလူတွေအတွက်၊ ရပ်ကွက်ထဲ၊ လမ်းထဲက လူတွေအတွက် ကုသိုလ်တစ်ခု ကောင်းသွားတာက သူဟာ COVID-19 ရောဂါပိုး လုံးဝ မရှိဘူးဆိုတဲ့ အဖြေထွက်လာတယ်" လို့ ဆိုပါတယ်။ 

Photo: Aung Khing

ဦးအောင်ခိုင်(Aung Khine)ဟာ လက်ရှိမှာလည်း ကိုလူချောအဖွဲ့ရဲ့ ဥက္ကဌအဖြစ် ဆောင်ရွက်နေသူဖြစ်ပါတယ်။ အဲဒီနောက် မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးမှာလည်း အမှုဆောင် တစ်ယောက်အဖြစ် ပါဝင်ဆောင်ရွက်နေတာဖြစ်ပါတယ်။ သူဟာ ''ငရဲသား'' ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးနဲ့ အကောင်းဆုံး အမျိုးသား ဇာတ်ပို့ဆုကို ရရှိခဲ့ပါတယ်။ အခုချိန်ထိလည်း ရုပ်ရှင်ဇာတ်ကားကြီးတွေ ရိုက်ကူးနေရသူ ဖြစ်ပါတယ်။ အနုပညာသက်တမ်းတွေကလည်း နှစ်ပေါင်း ၂၀ ကျော် ၃၀ နီးပါးလောက်ရှိပါပြီ။




ဆက်စပ်အကြောင်းအရာများ

Share

က္က