အသက် ၄၉ နှစ်ပြည့်ပြီဖြစ်တဲ့ လူမင်းဟာ သူ့ရဲ့ မွေးနေ့မှာ ကိုလူချောအဖွဲ့သားတွေနဲ့ အတူ ပျော်ပျော်ပါးပါး မွေးနေ့အလှူ ပြုလုပ်ခဲ့ပါတယ်။ ဒီအလှူဖြစ်မြောက်ဖို့ကလည်း ဇနီးချောလေးရဲ့ ကူညီမှုတွေပါတယ်လို့ ဆိုပါတယ်။
သရုပ်ဆောင် လူမင်းက မေလ ၇ ရက်နေ့မှာ ကျရောက်တဲ့ အသက် ၄၉ နှစ်ပြည့် မွေးနေ့အထိမ်းအမှတ်အနေနဲ့ လူကြမ်းသရုပ်ဆောင်တွေအတွက် အဝတ်အစားတွေ၊ မုန့်ဖိုးတွေနဲ့ ရွှေတောင် ခေါက်ဆွဲတွေ လှူခဲ့တယ်လို့ သိရပါတယ်။ ဒီအလှူလေးအပေါ် လူမင်းရဲ့ ဝမ်းသာပီတိစကားသံကိုလည်း မီဒီယာတွေကနေတဆင့် ပြောပြခဲ့ပါတယ်။
‘’ကိုယ်တတ်နိုင်သလောက် အလှူအတန်းလေးလည်း လုပ်ချင်တယ်ဆိုတော့ ကိုယ်စဉ်းစားမိလိုက်တာက အနုပညာလောကထဲမှာ သူတို့ဟာ နွမ်းပါးကြတယ်။ ရုပ်ရှင်လောက အလုပ်အကိုင်တွေကလည်း ပြတ်လပ်နေကြတယ်ဆိုတော့ သူတို့နဲ့လည်း မတွေ့တာ ကြာပြီ။ အစ်ကိုက ယောကျ်ားလေးဆိုတော့ အဝတ်အထည်တွေ၊ အသုံးအဆောင်တွေလည်းပေးချင်တယ်။ သူတို့နဲ့ တွေ့ချင်တာလည်းပါတယ်’’ လို့ ဆိုပါတယ်။
အဲဒီနောက် အခုလို မွေးနေ့အလှူလေး အောင်အောင်မြင်မြင်ဖြစ်လာတာကလည်း ဇနီးချောလေး ခင်စံပယ်ဦးကြောင့်ဆိုတာကိုလည်း ပြောပြခဲ့ပါသေးတယ်။
‘’သူ့ဆီက မွေးနေ့လက်ဆောင် မလိုပါဘူး။ ဒီမွေးနေ့မှာဆို ကိုယ်က ရုပ်ရှင်ရိုက်နေတော့ အလှူအတွက် ဘာမှ မစီစဉ်နိုင်ဘူး။ သူပဲ အဝတ်ပုံထဲမှာ ခေါင်းမဖော်နိုင်ဘူး အနောက်ကနေ အကုန်လုံး စီစဉ်ထားပေးတာ’’ ဆိုပြီးတော့ သဘောကျရယ်မောရင်း ပြောပြလာပါတယ်။
အဲဒီနောက် လူမင်းရဲ့ ဇနီး ခင်စံပယ်ဦးကလည်း သူမရင်ထဲက ဆန္ဒအတိုင်း ခင်ပွန်းဖြစ်သူအတွက် မွေးနေ့ ဆုတောင်းစကားဆိုခဲ့ပါတယ်။
‘’ဘာလက်ဆောင်မှတောင် မပေးရသေးပါဘူး။ အလုပ်တွေ ရှုပ်နေတာနဲ့ အဓိက ကတော့ ကိုလူမင်းကို စိတ်ချမ်းသာစေချင်တယ်။ မိသားစုနဲ့ အေးအေးချမ်းချမ်းလေး အတူတူ ဖြတ်သန်းချင်တယ်။ ဒီလောက်ပါပဲ။ အားလုံးကိုလည်း ကျေးဇူးတင်ပါတယ်’’ လို့ ခင်စံပယ်ဦးက မွေးနေ့ အလှူလေးမှာ ပြောပြခဲ့တာပါ။
ထပ်ဆင့်အကယ်ဒမီ လူမင်းဟာ၂၀၁၃ ဇွန်လက စတင်ကာ ၂၀၁၇ခုနှစ်အထိ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးရဲ့ ဥက္ကဌအဖြစ် လေးနှစ်ကျော် ထမ်းဆောင်ခဲ့ သူတစ်ဦးဖြစ်ပါတယ်။ လူမင်းဟာ ၂၀၀၂ခုနှစ်မှာ ရွှေမှုံကြဲတဲ့မိုးကောင်ကင် ရုပ်ရှင်ဇာတ်ကားမှာ အကောင်းဆုံး အမျိုးသားဇာတ်ဆောင်ဆု၊ ၂၀၀၅ခုနှစ်မှာတော့ ကျန်စစ်မင်းနဲ့ အကယ်ဒမီရရှိခဲ့ ပြီး၂၀၁၆ခုနှစ်မှာတော့ လူမင်းက ပရော်ဖက်ဆာဒေါက်တာဆိတ်ဖွားနှင့်မြိုင်ရာဇာတာတေ ရုပ်ရှင်ဇာတ်ကားနဲ့ အကောင်းဆုံး အမျိုးသား ဇာတ်ပို့ ဆုကို ရရှိခဲ့ပါသေးတယ်။ ၂၀၁၈ ခုနှစ်အတွက် Star Awards ဆုပေးပွဲမှာတော့ Actor In A Supporting Role Awardဆုကို ငယ်ကျွန် ရုပ်ရှင်ဇာတ်ကားကြီးနဲ့ ရရှိခဲ့တာဖြစ်ပါတယ်။