သူမနဲ့ ပရိသတ်တွေရဲ့ စုပေါင်းအလှူလေးတစ်ခုပါ။

ဘေဘီမောင်ကတော့ သူမနဲ့ ပရိသတ်တွေ စုပေါင်းပြီး ဝါရင့်လူကြမ်းသရုပ်ဆောင်ကြီး ဦးတင်မြင့်ရဲ့ စားဝတ်နေရေးအတွက် ထောက်ပံ့ငွေများ လှူဒါန်းခဲ့ပါတယ်။ 

သရုပ်ဆောင် ဘေဘီမောင်ကတော့ သြဂုတ်လ(၁၇) ရက်နေ့တုန်းက ဝါရင့်လူကြမ်းသရုပ်ဆောင်ကြီး ဦးတင်မြင့် အတွက် ကျန်းမာရေးနဲ့ စားဝတ်နေရေး ထောက်ပံ့ငွေများကို သွားရောက်လှူဒါန်းခဲ့ပါတယ်။ ဘေဘီမောင် နဲ့ သူမကို ချစ်တဲ့ ပရိသတ်များမှ စုပေါင်းအလှူငွေ(၁၃) သိန်းကို လှူဒါန်းခဲ့တယ်လို့ မီဒီယာတွေကို ပြောပြလာပါတယ်။ 

“ ဒီအလှူမှာ ဘေဘီ့ရဲ့ မတည်ငွေ (၅) သိန်းအပြင် နောက်ထပ် အလှူရှင်တွေ အားလုံး ပေါင်းလိုက်ရင် (၁၃) သိန်းရပါတယ်။ အလှူ လှူတယ်ဆိုတာ သူများလှူလို့ လိုက်လှူတယ်ဆိုတာ မရှိပါဘူး။ ဘေဘီကိုယ်တိုင်ကလည်း ဘဘကို မြင်ကတည်းက လှူချင်တာ။ ကိုယ်တိုင်က မအားသေးတဲ့ အခါကျတော့ နောက်ကျမှ လှူဖြစ်တာကိုလည်း ဘဘကို အရမ်းအားနာနေမိတယ်” လို့ သူက ဆိုပါတယ်။ 

ဘေဘီမောင်ဟာ ဦးတင်မြင့် အတွက်လှူဒါန်းချင်တဲ့ သူတွေရှိရင်လည်း လှူဒါန်းပေးမယ်လို့ ဆိုပါတယ်။ သူမရဲ့ အနုပညာကြေးထဲက ရတဲ့ ငွေနဲ့ ဦးတင်မြင့်ကို ထပ်မံလှူဒါန်းဦးမယ်ဆိုပြီးတော့ သြဂုတ်လ(၁၇) ရက်နေ့က ဦးတင်မြင့်ကို သွားရောက် လှူဒါန်းတဲ့နေ့မှာ ဖြေဆိုခဲ့တာပါ။ 

“ လှူမယ့်သူ ထပ်ရှိဦးမယ်ဆိုရင်လည်း အလှူခံပြီးတော့ ဘဘကို လာလှူဦးမှာပါ။ ဒီကြားထဲမှာ ရိုက်ကူးရေး လုပ်လို့ရတဲ့ ပိုက်ဆံတွေရှိရင်လဲ ဘဘကို လာထပ်လှူဦးမယ်။ မလှူခင်ညက Live လွှင့်ရင်းတောင် ငိုခဲ့မိတယ်။ အဲဒါကလည်း ကိုယ်က Live ထဲမှာ ဘဘအတွက် အလှူခံရင်း စကားတွေ ပြောမယ်လို့ပဲ ရည်ရွယ်ထားတာပါ။ ဒါပေမယ့် လှူတဲ့ လူက များလာလေ ကိုယ့်ရင်ထဲမှာ ပီတိဖြစ်လာလေပါပဲ” ဆိုပြီးတော့ ဆက်လက် ပြောပြခဲ့ပါတယ်။ 

ဘေဘီမောင်ကတော့ သြဂုတ်လ(၁၇) ရက်နေ့တုန်းက လှိုင်သာယာမြို့နယ်၊ (၁၈)ရပ်ကွက်၊ ပေါ်ဦး(၁) လမ်းမှာနေထိုင်တဲ့ လူကြမ်းသရုပ်ဆောင် ဦးတင်မြင့်ကို အိမ်တိုင်ရာရောက် ငွေကြေးသွားရောက် လှူဒါန်းခဲ့တာဖြစ်ပါတယ်။ သူမဟာ အလှူအတန်းနဲ့ ပတ်သက်လာရင် လက်မနှေးတဲ့ မင်းသမီးချောလေး တစ်ယောက်ဆိုရင်လည်း မမှားပါဘူး။ ဘေဘီမောင်က အနုပညာအလုပ်တွေနဲ့ ပတ်သက်ပြီး တဖြည်းဖြည်းဆောင်ရွက်လာ သူတစ်ယောက်ပါ။ အနုပညာအလုပ်တွေ အပြင် ကိုယ်ပိုင်စီးပွားရေးကိုလည်း ဆောင်ရွက်နေရသူတစ်ယောက်ပါ။



Share

Loading Next Article...
က္က