မာရှယ်လ်ကြံ့ခိုင်မှုပြည့်ဝဖို့ မသေချာဖြစ်နေတာပါ။

ယူနိုက်တက်နည်းပြ တန်ဟက်ခ်အတွက်တော့ ဘရိုက်တန်နဲ့ ကစားမယ့် ပရီးမီးယားလိဂ်ရာသီအဖွင့်ပွဲက တော်တော်လေး ခေါင်းစားစရာတွေဖြစ်နေခဲ့ပါတယ်။ ယူနိုက်တက်ဟာ လာမယ့်တနင်္ဂနွေမှာ ဘရိုက်တန်နဲ့ ပရီးမီးယားလိဂ်ရာသီအဖွင့်ပွဲအဖြစ် အိမ်ကွင်း အိုးထရက်ဖို့ဒ်မှာ ကစားရမှာပါ။



ဒီပွဲအတွက် ယူနိုက်တက်အထောင်တိုက်စစ်မှူးနေရာမှာ ဘယ်သူဝင်ကစားမယ်ဆိုတာ အခုချိန်ထိ ဆုံးဖြတ်နိုင်ခြင်းမရှိသေးပါဘူး။ အကြောင်းကတော့ မာရှယ်လ်ရဲ့ ဒဏ်ရာပြဿနာကြောင့်ဖြစ်ပါတယ်။ မာရှယ်လ်ဟာ အက်သလက်တီကိုနဲ့ ကစားခဲ့တဲ့ ခြေစမ်းပွဲမှာ တံကောက်ကြောဒဏ်ရာရခဲ့ဟန်ရှိပြီး သူ့ရဲ့ ကြံ့ခိုင်မှုပိုင်းအပေါ်မှာ စိုးရိမ်နေရပါတယ်။

တန်ဟက်ခ်ဟာ ရော်နယ်ဒိုရဲ့ ကြံ့ခိုင်မှုပိုင်းအပေါ်မှာလည်း စိတ်တိုင်းမကျဘဲ ရော်နယ်ဒိုအနေနဲ့ နောက်ထပ်လေ့ကျင့်ခန်းအစီအစဥ်အများအပြားကို အသင်းနဲ့အတူ ပူးပေါင်းလုပ်ဆောင်ရဦးမယ်လို့ ပြောကြားထားပါတယ်။ ဒါပေမယ့်လည်း မာရှယ်လ်ရဲ့ ဒဏ်ရာအနေအထားအပေါ်မှာကြည့်ပြီး တန်ဟက်ခ်တယောက် ဒီကိစ္စကို ဆုံးဖြတ်ရဖွယ်ရှိနေပါတယ်။

ရော်နယ်ဒိုဟာ တနင်္ဂနွေနေ့က ကစားခဲ့တဲ့ ဗယ်လက်ကာနိုနဲ့ခြေစမ်းပွဲမှာ (၄၅) မိနစ်မှာ ပါဝင်ကစားခဲ့ပြီး အဲ့ဒီမတိုင်ခင်မှာ ယူနိုက်တက်နဲ့ (၃) ကြိမ်သာ လေ့ကျင့်ခန်းဆင်းရသေးတာပါ။ ယူနိုက်တက်ဟာ စနေ၊ တနင်္ဂနွေနှစ်ရက်ဆက်တိုက် အက်သလက်တီကို၊ ဗယ်လက်ကာနိုတို့နဲ့ ကစားခဲ့တာဖြစ်ပြီး မာရှယ်လ်ကတော့ စနေနေ့မှာ မိနစ် (၇၀) နီးပါးအထိ ကစားခဲ့တာကြောင့် ဗယ်လက်ကာနိုနဲ့ပွဲမှာ ပါဝင်ခဲ့ခြင်းမရှိပါဘူး။

ဒီကနေ့ ပြုလုပ်ခဲ့တဲ့ လေ့ကျင့်ခန်း အစီအစဥ်မှာတော့ မာရှယ်လ်တယောက် ကာရင်တန်ကို ရောက်လာခဲ့ပါတယ်။ ဒါပေမယ့် တနင်္ဂနွေ ဘရိုက်တန်နဲ့ပွဲမှာ မာရှယ်လ် ပါဝင်ကစားနိုင်ခြင်းရှိ၊ မရှိဆိုတာ သူ့ရဲ့ကြံ့ခိုင်မှုအပေါ် စောင့်ကြည့်ရဦးမှာဖြစ်ပါတယ်။ မာရှယ်လ်သာ မကစားနိုင်ခဲ့ရင်တော့ ရော်နယ်ဒိုပဲ ပွဲထွက်လာနိုင်တယ်လို့လည်း ဒေးလီးမေးလ်က ဖော်ပြခဲ့ပါတယ်။ 

Share

Loading Next Article...
က္က