ဘန်ဇီမာ ဒဏ်ရာရသွားလို့ သူ့ကို အစားထိုးခေါ်ယူခဲ့တာပါ။

အေစီမီလန်အတွက် ခြေစွမ်းပြနေပေမယ့် ပြင်သစ်လူစာရင်းကနေ ချန်လှပ်ခံခဲ့ရတဲ့ တိုက်စစ်မှူးဂီရော့ဒ်ဟာ ဘန်ဇီမာဒဏ်ရာရရှိသွားခဲ့လို့ အစားထိုးခေါ်ယူခံလိုက်ရတယ်လို့ သိရပါတယ်။ ဝါရင့်တိုက်စစ်မှူးက စီးရီးအေမှာ ခြေစွမ်းပြနေပေမယ့်လည်း ဘန်ဇီမာ၊ ဘတ်ပီတို့ကို မကျော်လွှားနိုင်လို့ လက်ရွေးစင်အသင်းမှာ နေရာရဖို့ အခွင့်အရေးနည်းပါးခဲ့တာဖြစ်ပါတယ်။ 

ဒီရာသီမှာ ပြိုင်ပွဲစုံသွင်းဂိုး ၃၂ ဂိုးအထိရရှိထားတဲ့ ဘန်ဇီမာက နည်းပြဒက်ချမ့်စ်ရဲ့ ဦးစားပေးတိုက်စစ်မှူးဖြစ်ပါတယ်။ ပြင်သစ်အတွက်ပြန်လည်ကစားပေးခွင့်ရချိန်မှာလည်း ခြေစွမ်းပြနိုင်ခဲ့ကာ ပုံမှန်ပွဲထွက်ခွင့်ကို ရယူနိုင်ခဲ့ပါတယ်။  ဒါပေမယ့် ဂီရော့ဒ်အတွက် ကံကောင်းခဲ့တာက မထင်မှတ်ဘဲ ဘန်ဇီမာက ခြေသလုံးကြွက်သားဒဏ်ရာရရှိသွားခဲ့တာပါ။ 

ဒီအတွက်ကြောင့် အခြားတိုက်စစ်မှူးအဖြစ် ဂီရော့ဒ်ကို ရွေးချယ်ခေါ်ယူခဲ့ရပြီး လူကနေပေမယ့် ဘုန်းကံကမနေတဲ့ တိုက်စစ်မှူးလို့ ဆိုစမှတ်ပြုနေရပါတယ်။ သူဟာ ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲတုန်းကလည်း ပြင်သစ်အတွက် တဂိုးမှမသွင်းယူနိုင်ခဲ့ပေမယ့်လည်း ဒက်ချမ့်စ်ရဲ့ ကစားဟန်မှာ အရေးပါသူလို့ သတ်မှတ်ခံခဲ့ရကာ ပွဲတိုင်းပါဝင်ကစားခဲ့ရပြီး ကမ္ဘာ့ဖလားကိုလည်း ရယူနိုင်ခဲ့သူဖြစ်ပါတယ်။ 

သူ့ရဲ့ ကစားသမားဘ၀မှာ သေချာပေါက်ဂိုးတွေကိုဆိုရင် လွဲချော်လေ့ရှိပြီး ဘယ်လိုမှမဖြစ်နိုင်ဘူးလို့ထင်ရတဲ့ ဂိုးတွေကို သွင်းယူခဲ့သူလည်းဖြစ်ပါတယ်။ အများနဲ့မတူဘဲ တမူထူးခြားတဲ့ ဂီရော့ဒ်ကတော့ လက်ရွေးစင်အသင်းမှာ ရွေးချယ်မခံရပြန်တော့လည်း အဓိကတိုက်စစ်မှူးက ဒဏ်ရာရသွားလို့ သူ့ကို ပြန်လည်ခေါ်ယူရတဲ့အထိ ကံတရားက ကောင်းမွန်နေခဲ့တာလည်းဖြစ်ပါတယ်။ 


ဒီရာသီမှာ သူက အေစီအတွက် ပြိုင်ပွဲစုံသွင်းဂိုး ၁၁ ဂိုးအထိ သွင်းယူပေးထားပါတယ်။ 


Share

က္က