ယူရို ၂၀၀ ဈေးနဲ့ ရောင်းချနေပါတယ်

အရေပြားအောက် ထည့်မြှပ်ထားနိုင်တဲ့ ကမ္ဘာ့ပထမဆုံး ငွေပေးချေမှုလုပ်နိုင်မယ့် မိုက်ခရိုချပ်စ်တစ်မျိုးကို ပိုလန်-ဗြိတိန်ကုမ္ပဏီတစ်ခုက ဖန်တီးထားတယ်လို့ ဆိုပါတယ်။ 

လူ့ကိုယ်ခန္ဓာအတွင်း Implant စိုက်နိုင်တဲ့ Bank Card Chip တွေကို စီးပွားဖြစ် ထုတ်လုပ်ရောင်းချမှုကို Walletmor ကုမ္ပဏီက ပထမဆုံးအကြိမ် စတင်နိုင်ခဲ့တာလို့ ပိုလန်-ဗြိတိန်စီးပွားရေး စွန့်ဦးတီထွင်ရှင် ဝေါ့ဂျ်တက်ခ် ပက်ပရိုတာက ဆိုပါတယ်။ Walletmor ရဲ့ ထုတ်ကုန်ဟာ ငွေပေးချေရေး ကတ်ဖတ်နိုင်တဲ့ စက်တွေမှာ ထိတွေ့မှုလုပ်စရာမလိုဘဲ ငွေချေနိုင်မယ့် contactless payment စနစ်မျိုး ဖြစ်ပြီး လူရဲ့ အရေပြားအောက်မှာ ထည့်သွင်းထားနိုင်မှာ ဖြစ်ပါတယ်။ 




Walletmor ရဲ့ ထုတ်ကုန်မှာ လုံခြုံအောင် လျှို့ဝှက်ကုဒ်ခံထားတဲ့ ငွေပေးချေရေးအချက်အလက်တွေကို သိမ်းဖို့ microprocessor တစ်ခု နဲ့ အနီးနားက ငွေချေစက်တွေနဲ့ ချိတ်ဆက်ဖို့ Proximity Antenna တစ်ခုတို့ ပါဝင်မှာဖြစ်ပြီး နှစ်မျိုးစလုံးကို ဇီဝစနစ်နဲ့ လိုက်ဖက်မှု ရှိတဲ့ material တွေကနေ ထုတ်လုပ်ထားတဲ့ ဆေးတောင့် capsule တစ်ခုနဲ့ ထုပ်ပိုးထားတယ်လို့ ဆိုပါတယ်။ Walletmor ရဲ့ implant ထုတ်ကုန်ဟာ တစ်မီလီမီတာရဲ့ တစ်ဝက်လောက်ပဲ ရှိပြီး အလေးချိန်အားဖြင့်လည်း ၁ ဂရမ်အောက်ပဲ ရှိမှာပါ။ 

"တစ်နေ့နေ့ တစ်ချိန်ချိန်မှာ Implants တွေဟာ ငွေပေးချေကတ်တွေလိုပဲ နာမည်ကြီးလာမယ်လို့ ကျွန်တော် ယုံကြည်ထားပါတယ်။"လို့ လန်ဒန်အခြေစိုက် Walletmor ရဲ့ တည်ထောင်သူ ဝေါ့ဂျ်တက် ပက်ပရိုတာက ပြောပါတယ်။ "ကျွန်တော်တို့ Implant ငွေပေးချေမှုက ပျောက်ဆုံးတာတွေ ၊ မေ့ကျန်တာတွေ ဖြစ်တော့မှာ မဟုတ်ပါဘူး ပုံမှန် ငွေချေကတ်တွေနဲ့ မတူတာက ဒီကတ်ကို လက်လွှဲသုံးလို့ မရနိုင်ပါဘူး။ Implant တွေကို စကင်ဖတ်တာ ၊ ဓါတ်ပုံရိုက်တာ Hack တာတွေ လုပ်လို့လည်း မရပါဘူး။"

Walletmor ရဲ့ Implant Bank Chip ဟာ ၁၉၉ ယူရို (မြန်မာငွေ ၄ သိန်းကျော်) ဈေးနဲ့ ရောင်းချသွားမှာ ဖြစ်ပြီး လက်ကောက်ဝတ်နေရာတွေမှာ ထည့်သွင်းနိုင်မှာပါ။ နာရီနဲ့ လက်ဝတ်ရတနာတွေ ဝတ်ဆင်တဲ့ နေရာမျိုးမှာတော့ Implant ထည့်လို့ ရမှာ မဟုတ်ဘဲ ကိုယ်တွင်းထဲ တပ်ဆင်မှုကို ဆေးဘက်ဆိုင်ရာ အလှအပရေးရာဆေးခန်းတိုင်းမှာ ထည့်သွင်းနိုင်မယ်လို့ ဆိုပါတယ်။ လက်ရှိမှာ ဒီထုတ်ကုန်ကို သုံးစွဲနေသူ ၂၀၀ နီးပါး ရှိနေတယ်လို့လည်း သိရပါတယ်။  


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က