ထိုင်းနိုင်ငံချွန်ဖုန်းခရိုင်အတွင်းမှာဖြစ်ပွားခဲ့တာပါ။

ထိုင်းနိုင်ငံကို လူကုန်ကူးခံရတဲ့ မြန်မာနိုင်ငံသားတွေ လိုက်ပါလာတဲ့ မော်တော်ယာဉ်ဟာ ထိုင်းနိုင်ငံ ချွန်ဖုန်းခရိုင်အတွင်းမှာ တိမ်းမှောက်ခဲ့ပြီး ၄ ဦး နေရာမှာတင် ပွဲချင်းပြီးသေဆုံးကာ ၁၉ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ထိုင်းနိုင်ငံရောက် ရွှေ့ပြောင်းအလုပ်သမားအရေး ကူညီဆောင်ရွက်နေတဲ့ Social Action for Children and Women – SAW အဖွဲ့က သတင်းထုတ်ပြန်ပါတယ်။

Photo -SAW



ဇန်နဝါရီ ၂၂ ရက် ညပိုင်း ၈ နာရီလောက်က ထိုင်းနိုင်ငံ ချွန်ဖုန်းခရိုင် ခွန်ကထင်မြို့နယ် ကျေးရွာအမှတ် (၁၃) အမှတ် ၄၁ အာရှလမ်းမကြီးမှာ တရားမဝင် မြန်မာနိုင်ငံသား ၂၃ ဦးကို တင်ဆောင်လာတဲ့ တိုရိုတာ ပစ်ကပ်ကားတစ်စီးဟာ လမ်းဘေးက သစ်ပင်ကိုဝင်တိုက်ပြီး တိမ်းမှောက်ခဲ့တယ်လို့ ဆိုပါတယ်။

ကားပေါ်မှာ လိုက်ပါလာတဲ့ မြန်မာနိုင်ငံသားတွေဟာ ကားပေါ်ကနေ လွင့်စင်ပြုတ်ကျခဲ့ကာ အမျိုးသား ၄ ဦး နေရာမှာတင် ပွဲချင်းပြီးသေဆုံးပြီး ၁၉ ဦး ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။ ကားမောင်းသမားဟာ အသက် ၂၃ နှစ်အရွယ် နိုင်ပရစ်မစ်ဆိုသူဖြစ်ပြီး သူ့ရဲ့ဝန်ခံချက်အရ မြန်မာနိုင်ငံက လူကုန်ကူးသူတစ်ဦးကနေ သူ့ကို ဌားရမ်းခဲ့တယ်လို့ ဆိုပါတယ်။

Photo-SAW

မြန်မာနိုင်ငံသားတစ်ဦးကို ထိုင်းဘတ်ငွေ ၁၀၀၀ နှုန်းနဲ့ သယ်ဆောင်ခယူပြီး ထိုင်း-မြန်မာနယ်စပ် ရနောင်းကနေ စစ်ဆေးရေးဂိတ်တွေကို ကွေ့ရှောင်ဖြတ်ကာ ထိုင်းတောင်ပိုင်း စူလဌာနီကို မောင်းပို့ခဲ့တယ်လို့လည်း ကားမောင်းသမားက ဝန်ခံထွက်ဆိုပါတယ်။

လူကုန်ကူးတဲ့သူတွေဟာ မြန်မာနိုင်ငံသားတွေကို မူးယစ်ဆေးတစ်မျိုးတိုက်ပြီး ကားပေါ်တင်လာတာလို့ ကားပေါ်မှာလိုက်ပါလာတဲ့ ကော့သောင်းမြို့က ငါးဖမ်းလုပ်သားတစ်ဦးက ပြောပါတယ်။ လက်ရှိမှာတော့ သေဆုံးသူတွေနဲ့ ဒဏ်ရာရရှိသူအားလုံးကို ချွန်ဖုန်းခရိုင် အူဒုန်ဆပ် ဆေးရုံကို ပို့ဆောင်ထားပြီး အရေးပေါ်ကုသမှုပေးနေတယ်လို့လည်း သိရပါတယ်။

ချွန်ဖုန်းခရိုင် ဒုရဲမှူး ဝီချုပ်ခန့်ကို့ချကန်ကတော့ အခုလို တရားမဝင် သယ်ဆောင်လာတဲ့ မြန်မာနိုင်ငံသားတွေကို လူကုန်ကူးခဲ့တဲ့သူတွေကို ဆက်လက် ဖော်ထုတ်အရေးယူသွားမယ်လို့ ပြောကြားခဲ့ကြောင်း SAW အဖွဲ့ ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က