ဘရန်ဖို့ဒ်နဲ့ သရေကျခဲ့ပြီးနောက် အာဆင်နယ်ပရိသတ်တွေဟာ အဆိုပါပွဲကို ပြန်ကန်ပေးဖို့အတွက် တောင်းဆိုနေကြပြီဖြစ်ပါတယ်။ အမှတ်ပေးဇယားထိပ်ဆုံးမှာ အာဆင်နယ်က ဆက်လက်ရှိနေခဲ့ပေမယ့် ဘရန်ဖို့ဒ်တို့ ရသွားတဲ့ ချေပဂိုးမှာ ကွင်းလယ်ဒိုင်နဲ့ VAR က လူကျွံမှုနှစ်ကြိမ်ကို လျစ်လျူရှုခဲ့တယ်လို့ အာဆင်နယ်ပရိသတ်တွေက စွပ်စွဲပြောဆိုခဲ့ကာ ပြန်ကန်ဖို့ တောင်းဆိုခဲ့ကြတာဖြစ်ပါတယ်။
Sportbible ရဲ့ ဖော်ပြချက်အရ အိုင်ဗန်တိုနေးဂိုးသွင်းယူခဲ့ရာမှာ လူကျွံမှု ၂ ခါတောင်ဖြစ်ခဲ့တယ်လို့ အာဆင်နယ်ပရိသတ်တွေက ယူဆခဲ့ကြောင်း သိရပါတယ်။ ဘရန့်ဖို့ဒ်ရဲ့ ချေပဂိုးရသွားတဲ့ ဖြစ်ရပ်မှာ အရင်ဦးဆုံး အီသန်ပင်နစ်ခ်က လူကျွံနေခဲ့ပြီး သူကိုယ်တိုင်လည်း လူကျွံနေခဲ့တာကိုသိလို့ ဘောလုံးကို ရယူဖို့မကြိုးစားခဲ့ဘဲ နေခဲ့ပေမယ့် ဂါဘရီရယ်ကို ပိတ်ဆို့ထားခဲ့တယ်လို့ အာဆင်နယ်ပရိသတ်တွေက ထင်မြင်ခဲ့ပါတယ်။
ဒီနောက်မှာ နော်ဂါ့ဒ်က ဘောလုံးပေးပို့ခဲချိန်မှာ လူကျွံနေခဲ့တယ်လို့လည်း ယူဆခဲ့ပြီး အဆိုပါဖြစ်ရပ် နှစ်ခုလုံးကို ကွင်းလယ်ဒိုင်က လျစ်လျူရှုခဲ့ပြီး VAR ကလည်း ဂိုးအဖြစ်သတ်မှတ်ပေးခဲ့လို့ အာဆင်နယ်ပရိသတ်တွေ ဒေါသထွက်ခဲ့ကြပါတယ်။ ပရိသတ်တွေဟာ တွစ်တာပေါ်မှာ သူတို့ရဲ့ ဒေါသကို ထုတ်ဖော်ပြောဆိုမှုတွေ ပြုလုပ်ခဲ့ကြပါတယ်။
ပရိသတ်တဦးက "အာဆင်နယ်က အယူခံဝင်သင့်တယ်၊ ပြီးတော့ ပြန်ကစားဖို့ တောင်းဆိုရမှာပါ၊ အမှတ်ပေးဖလားနဲ့ နီးကပ်နေတဲ့အချိန်ပါ၊ ဘရန်ဖို့ဒ်ကစားသမားတွေက နှစ်ကြိမ်တောင်မှ လူကျွံနေခဲ့တာပါ" လို့ ရေးသားခဲ့ပါတယ်။ နောက်တဦးကလည်း "ဘရန်ဖို့ဒ်က ဒီလောက်ကြီး ဗြောင်ကျကျလူကျွံဘောဖြစ်ခဲ့ပေမယ့် အာဆင်နယ်ကို ဆန့်ကျင်တဲ့ ဆုံးဖြတ်ချက်အတွက်တော့ အံ့အားသင့်စရာမရှိပါဘူး" လို့ ဆိုခဲ့ပါတယ်။
တတိယမြောက်တဦးကလည်း "ဒါမို့ဂယ်လ်ဂါက ဘရန်ဖို့ဒ်ရဲ့ သွင်းဂိုး လူကျွံတယ်ဆိုပြီး ပြောခဲ့ပါတယ်၊ ပွဲအစီအစဉ်ကို တင်ဆက်နေသူကကို ဒီလိုပြောခဲ့တာပါ၊ အာဆင်နယ်က ထပ်ပြီးတော့ ဓားပြတိုက်ခံရတာပါပဲ" လို့ ပြောဆိုခဲ့ပါတယ်။ အာဆင်နယ်ကတော့ ဒီပွဲသရေကျခဲ့လို့ ဒီနေ့မှာ မန်စီးတီးနိုင်ရင် အမှတ်ကွာဟချက်ကျဉ်းမြောင်းသွားမှာဖြစ်ပြီး မန်စီးတီးနဲ့ သူတို့တွေ ရင်ဆိုင်ရမှာမို့ အလှည့်အပြောင်းတွေဖြစ်လာနိုင်ပါတယ်။