ဝေလာရီကတော့ အစ်မဖြစ်သူ လိမ္မော်သီးရဲ့ အကြောင်းတွေပြောပြလာပါတယ်။ လူမှုဆက်ဆံရေးမှာတောင် ညီအစ်မ နှစ်ယောက် မတူညီတဲ့ အချက်တွေရှိတယ်လို့ ဆိုပါတယ်။
Photo: Wai Lar Yi
သရုပ်ဆောင် ဝေလာရီကတော့ အဆိုတော် လိမ္မော်သီးရဲ့ ညီမငယ်လေးဖြစ်ပါတယ်။ ညီအစ်မ အရင်းတွေဖြစ်ပေမယ့် ပတ်ဝန်းကျင်နဲ့ ရင်းနှီးမှုကတော့ မတူညီကြဘူးလို့ ဆိုပါတယ်။ အစ်မဖြစ်သူ လိမ္မော်သီး နဲ့ ဝေလာရီတို့ရဲ့ မတူညီတဲ့ အချက်လေးတွေကိုလည်း မီဒီယာ အင်တာဗျူးတွေမှာ ဖြေဆိုခဲ့ပါတယ်။
“ မမက အသက်လည်းကြီးတော့ ကိုယ့်ထက်ပို ရင့်ကျက်တယ်။ တချို့နေရာတွေက သူက ကြုံပြီးသွားတဲ့အခါကျတော့ ရင့်ကျက်သလို တိုင်ပင်လို့လည်းရတယ်။ အဓိက ကတော့ လူတွေအကြောင်းသူက ပြောပြပါတယ်။ စိတ်ထားတတ်တာကတော့ ကိုယ်က ပိုထားတတ်တယ်လို့ ထင်တယ်။ တစ်ခါတလေ မမနဲ့ မတည့်တဲ့ သူတွေတောင်မှ သမီးနဲ့ သူငယ်ချင်းဖြစ်တယ်။ စဉ်းစားသာကြည့်တော့ ညီအစ်မ နှစ်ယောက် မတူတဲ့ အချက်တွေက အဲဒါလေးတွေ ရှိကြတယ်။ အိမ်က မိသားစုကပြောတာတော့ လူမှုရေး ပိုကောင်းတယ်တဲ့” လို့ ဆိုပါတယ်။
Photo: Wai Lar Yi
ဝေလာရီကတော့ ချစ်စရာကောင်းပြီး အပြုံးချိုတဲ့ မင်းသမီးချောလေး တစ်ယောက်ပါ။ လိမ္မော်သီးကလည်း အရပ်မြင့်မြင့်၊ ဆံပင်ရှည်ရှည် ၊ စတိုင်လ် ခပ်မိုက်မိုက်နဲ့ အမျိုးသမီးအဆိုတော် တစ်ယောက်ဖြစ်ပါတယ်။ လိမ္မော်သီး က မာနကြီးတဲ့ အစ်မ တစ်ယောက်မဟုတ်ဘူးလို့ ဝေလာရီက ပြောပါတယ်။
“ မမက အမှန်တော့ သဘောကောင်းတယ်။ မျက်နှာကြောတင်းတော့ တချို့တွေကျတော့ မခေါ်ရဲတာတွေလည်းရှိမှာပေါ့။ ဝေလာရီကတော့ ဘယ်သူ့ကိုမဆို ကိုယ်တွေ့ရင် ကိုယ်အရင်ဆုံး ခေါ်တယ်။ ကိုယ့်ဘက်က အရင်ဆုံး ပြုံးပြတာများတယ်။ အဲဒီတော့ ကိုယ်နဲ့ အဆင်ပြေတဲ့လူက အရမ်းများတယ်။ မတည့်တာ၊ အဆင်မပြေတာမျိုးတော့ မရှိဘူး” ဆိုပြီးတော့ ဒီဇင်ဘာလ ၁၂ ရက်နေ့က “အသက်ရှင်မယ့်သူ” တေးစီးရီးမိတ်ဆက်ပွဲကို တက်ရောက်ရင်း ဖြေဆိုခဲ့တာပါ။
Photo: Wai Lar Yi
ဝေလာရီကတော့ အနုပညာမျိုးရိုးရှိတယ်လို့ဆိုရမှာပါ။ ဒါကလည်း အဆိုတော် လိမ္မော်သီးရဲ့ ညီမငယ်လေး တစ်ယောက်ဖြစ်နေလို့ပါပဲ။ သူမဟာ အစ်မဖြစ်သူလိုမျိုး ဂီတကို ရူးသွပ်သူ တစ်ယောက်မဟုတ်ပဲ သရုပ်ဆောင် အလုပ်မှာ ပိုပြီး အောင်မြင်ဖို့ ကြိုးစားနေတဲ့သူ တစ်ယောက်ပါ။
“ ကိုယ့်ကို တွေ့ရင် မင်းသမီး၊ မင်းသမီးနဲ့ ခေါ်ကြတာများတော့ စွဲသွားတယ်။ အမှန်တော့ သရုပ်ဆောင်လုပ်ဖို့ အစီအစဉ်မရှိဘူး။ တကယ်ကို ဘာမှလည်းမဆိုင်ဘူး၊ ကိုယ်နဲ့လည်း အလှမ်းဝေးတယ်။ အဲဒါကို တွေ့သမျှလူတိုင်းကရော၊ မမရဲ့ ဆရာတွေရောက ကိုယ့်ကို မင်းသမီးလို့ပဲ ခေါ်တယ်။ သီချင်းဆိုတာလည်း မမနောက်ကို လိုက်ရင်းနဲ့ ဝါသနာပါသွားတာ” လို့ သူကပြောပါတယ်။
Photo: Wai Lar Yi
ဝေလာရီဟာ ပရိသတ်တွေကြားမှာ ရေပန်းအစားဆုံးရုပ်သံဇာတ်လမ်းတွဲတစ်ခုဖြစ်ခဲ့တဲ့ “နှင်းဆီ”ရုပ်သံဇာတ်လမ်းတွဲထဲက မော် ဆိုတဲ့ ကောင်မလေး တစ်ယောက်ကာရိုက်တာနဲ့လည်း ပရိသတ်အားပေးမှု အများကြီးရရှိခဲ့သူပါ။ အခုလက်ရှိမှာလည်း သူမဟာ တီဗီကြော်ငြာတွေ၊ ရုပ်သံဇာတ်လမ်းတွဲတွေ ရိုက်ကူးလာရသူတစ်ယောက်ဖြစ်ပါတယ်။ သူမကတော့ မွန်တိုင်းရင်းသူလေး တစ်ယောက်ဖြစ်ပါတယ်။ အစ်မဖြစ်သူ လိမ္မောသီးနဲ့ တွဲပြီး J & W Clothing ဆိုပြီးတော့ မွန်ဖက်ရှင်ဆိုင်လေးလည်း ဖွင့်လှစ်ထားပါတယ်။
Share