Facebook ပလက်ဖောင်းပေါ် အမုန်းစကားပျံ့နှံ့မှုဟာ ကိုးလအတွင်း ထက်ဝက်နီးပါး ကျဆင်းသွားခဲ့တယ်လို့ ကုမ္ပဏီဘက်က ထုတ်ပြန်ပါတယ်။
Facebook ဟာ အမုန်းစကားတွေကို ပျံ့နှံ့စေခဲ့တယ်ဆိုတဲ့ သတင်းပေးဖြစ်သူ ဖရန့်စ် ဟော်ဂန်ရဲ့ သက်သေခံချက်ထွက်လာပြီးနောက် Facebook ဒုဥက္ကဌတစ်ဦးဖြစ်တဲ့ ဂိုင်းရိုဆန်က ပလက်ဖောင်းပေါ်မှာ အမုန်းစကားမြင်တွေ့မှုကို လျှော့ချနိုင်ခဲ့ကြောင်း တုံ့ပြန်ခဲ့တာပါ။ ဂိုင်းရိုဆန်ရဲ့ အဆိုအရ Facebook ပေါ် အမုန်းစကားမြင်တွေ့မှုဟာ ပြီးခဲ့တဲ့ တတိယသုံးလပတ်အတွင်း ၅၀% နီးပါး ကျဆင်းသွားခဲ့ပြီး Content ကြည့်ရှမှုရဲ့ ၀.၀၅% ပဲ ရှိလာခဲ့တယ်လို့ ဆိုပါတယ်။ ကြည့်ရှုမှု ၁ သောင်းမှာ ၅ ဦးပဲ မြင်တယ်လို့လည်း ရိုဆန်က ပြောပါတယ်။
Photo: Yahoo News
"ပေါက်ကြားတဲ့ အထောက်အထားတွေကနေ ဆွဲယူထားတဲ့ အချက်အလက်တွေနဲ့ အမုန်းစကားတိုက်ဖျက်ရေးမှာ ကျွန်တော်တို့ သုံးတဲ့နည်းပညာက မလုံလောက်ဘူး ၊ နောက်ပြီး ကျွန်တော်က တိုးတက်မှုတွေကို တမင်လိမ်လည်ဖော်ပြတယ်ဆိုပြီး ဖြစ်အောင် ဖန်တီးနေတာပါ။ ဒါက မမှန်ပါဘူး" လို့ ရိုဆန်က ဆိုပါတယ်။
အမုန်းစကားပျံ့နှံ့မှု ဖြေရှင်းရေးမှာ Hate Speech ပါတဲ့ အကြောင်းအရာတွေ ဖယ်ရှားမှုပေါ်လောက်ပဲ အာရုံစိုက်တာမျိုးနဲ့ Facebook ရဲ့ အမုန်းစကားတိုက်ဖျက်ရေးအောင်မြင်မှုကို ဆုံးဖြတ်တာ မှားတယ်လို့လည်း သူက ဆိုပါတယ်။ အမုန်းစကားတိုက်ဖျက်ရေးအတွက် Content ဖယ်ရှားမှုအပြင် ဒီ content ကို လူမြင်နှုန်း ကျဆင်းအောင် လုပ်ခြင်းကလည်း အရေးပါတဲ့ တိုင်းတာမှုဖြစ်တယ်လို့ ရိုဆန်က ရေးထားပါတယ်။
အမုန်းစကားပါတဲ့ အကြောင်းအရာတွေကို တိုက်ဖျက်ဖို့ နည်းလမ်းတွေ အများကြီးရှိထားပြီး ဒီလို Content မျိုးကို ဖယ်ရှားခြင်း မလုပ်ခင်မှာ လူတွေ ၊ Pages နဲ့ Groups တွေဆီ ပျံ့နှံ့မှု ကန့်သတ်တာမျိုးလည်း လုပ်ခြင်းအားဖြင့်လည်း Content တွေ မှားပြီး ဖယ်ရှားတာကို ရှောင်ရှားရာရောက်သလို လူမှုကွန်ရက်ပလက်ဖောင်းပေါ် အမုန်းစကားပျံ့နှံ့မှုလည်း လျှော့ချနိုင်မယ်လို့ ဆိုပါတယ်။ ပြီးခဲ့တဲ့ နှစ်နှစ်လောက်မှာ Facebook ဟာ လူမှုကွန်ရက်ပေါ်က Hate Speech အပါအဝင် သုံးစွဲသူတွေရဲ့ တိုင်ကြားချက်တွေကို ဖြေရှင်းပေးဖို့ လူ content reviewers တွေအစား AI နည်းပညာကို အစားထိုးလာခဲ့ပြီး လူမှုကွန်ရက်စည်းကမ်းချိုးဖောက်မှုတွေကို အလိုအလျောက်စနစ်နဲ့ ဖယ်ရှားတာ ၊ ထောက်လှမ်းတာမျိုး လုပ်လာခဲ့ပါတယ်။
Photo: Tech Story
Wall Street Journal ရဲ့ ဖော်ပြချက်အရ ပြီးခဲ့တဲ့မတ်လအတွင်း Facebook ရဲ့ Automated Systems တွေဟာ လူမှုကွန်ရက်ပေါ်က အမုန်းစကားကြည့်ရှုမှုရဲ့ ၃% ကနေ ၅% အကြား ရှိတဲ့ ပို့စ်တွေကို ဖယ်ရှားခဲ့တယ်လို့ ဆိုပါတယ်။ ဒီစနစ်တွေကပဲ Facebook မူဝါဒနဲ့ မကိုက်ညီတဲ့ content အားလုံးရဲ့ ၀.၆% ကို သိရှိပြီး ဖယ်ရှားနိုင်ခဲ့တယ်လို့လည်း ဆိုပါတယ်။ လောလောဆယ်မှာတော့ Facebook ဟာ သုံးစွဲသူတွေ ဘေးကင်းဖို့ထက် ကုမ္ပဏီရဲ့အကျိုးအမြတ်ကို ဦးစားပေးနေတယ်လို့ စွပ်စွဲခံထားရပါတယ်။