ဒီနေ့ခေတ်မှာ လူငယ်တော်တော်များများက မိန်းကလေးပဲ ဖြစ်ဖြစ်၊ ယောင်္ကျားလေးပဲ ဖြစ်ဖြစ် ဘော်ဒါတွေ ဆုံသွားလို့ ၊ အလုပ်ပင်ပန်းလို့ စတဲ့ အကြောင်းပြချက်တွေနဲ့ အရက်သောက်တဲ့ အလေ့အထကို ပြုလုပ်လာကြပါတယ်။ ဒါကို အရက်ကိုကြိုက်လို့ သောက်တယ်လို့ ဆိုတာမျိုးထက် လူမှုရေးအရ အရက်သောက်သုံးခြင်း (Social Drinking) လို့ သတ်မှတ်ကြပါတယ်။ ဒါပေမယ့် ကိုယ်က Social Drinker တစ်ယောက်လား၊ အရက်ကို ကြိုက်လို့ သောက်နေတာလားဆိုတာကိုတော့ ဒီအချက်တွေနဲ့ ပြန်ပြီး ဆန်းစစ်ကြည့်ရအောင်။
Photo : Freepik
လူမှုရေးအရအရက်သောက်တဲ့သူဆိုတာ ဘယ်လိုလူမျိုးလဲ။
ပါတီပွဲတွေနဲ့ အခြားလူမှုရေး ကိစ္စတွေမှာ မဖြစ်မနေ အရက်သောက်ရတဲ့အခါမျိုးမှ လူမှုရေးအရ အရက်သောက်သုံးတဲ့သူလို့ ယေဘုယျအားဖြင့် ခေါ်ဆိုနိုင်ပါတယ်။ ဒါ့အပြင် ဒီလိုအချက်တွေကိုကြည့်ပြီး ကိုယ်က Social Drinker တစ်ယောက် ဟုတ်မဟုတ် ဆန်းစစ်ကြည့်ပါ။
၁။ တစ်ခါတစ်ရံသာ သောက်သုံးခြင်း။
၂။ အရက်သောက်ချင်စိတ်ဖြစ်ပေါ်လာလို့ သောက်တာမျိုးမဟုတ်ခြင်း။
၃။ အရက်သောက်ခြင်းကြောင့် အရက်နာကျခြင်း၊ အသိစိတ်လွတ်ခြင်း များမဖြစ်ခြင်း။
၄။ အရက်သောက်မိပြီးမှ နောင်တမရခြင်း။
၅။ အချိန်ပြည့်အရက်သောက်တဲ့ အကြောင်းကို တွေးမနေခြင်း။
၆။ အရက်ကို အပြည့်အဝသောက်မယ်ဆိုတဲ့ စိတ်ကူးမရှိခြင်း။
ဒီလိုအချက်တွေနဲ့ ကိုက်ညီတယ်ဆိုရင်တော့ ကိုယ့်ကိုကိုယ် Social Drinker တစ်ယောက်လို့ သတ်မှတ်နိုင်ပါတယ်။
လူမှုရေးအရ သောက်တာကနေ အရက်စွဲလမ်းတာမျိုးဖြစ်နိုင်လား။
ဘယ်အရာမဆို တန်ဆေးလွန်ဘေးပါ။ မိမိကိုယ်ကိုတော့ လူမှုရေးအရ သောက်တယ်လို့ ဆိုနေပမေယ့် ကိုယ်သောက်တဲ့ ပမာဏက ဘေးဥပဒ်ဖြစ်စေတဲ့ ပမာဏထက် ကျော်လွန်သွားပြီ ဆိုရင်တော့ အရက်စွဲလမ်းတဲ့လူနဲ့ မခြားဖြစ်သွားနိုင်ပါတယ်။
Photo : Freepik
ဒါဆို အရက်စွဲလမ်းတဲ့ လက္ခဏာတွေက ဘာတွေလဲ။
၁။ သောက်တဲ့ ရက်တွေ စိပ်လာမယ်။
၂။ သောက်တဲ့ ပမာဏတွေ ပိုပိုပြီး များလာမယ်။
၃။ မနက်မိုးလင်းတည်းက သောက်ချင်လာမယ်။
၄။ မသောက်ရမနေနိုင် ဖြစ်လာမယ်။
ဒီလိုအချက်တွေနဲ့ ကိုက်ညီလာပြီဆိုပါက အရက်စွဲလမ်းတဲ့လူနဲ့ မခြားဖြစ်လာပါတယ်။
ဘေးဥပဒ်မဖြစ်စေအောင် အရက်သောက်နည်း
အရက်သောက်တယ်လို့ ဆိုတဲ့အခါမှာ ကျန်းမာရေးနဲ့ ညီညွှတ်အောင် အရက်သောက်စားခြင်းဆိုတာကတော့ မရှိပါဘူး။ ဒါပေမယ့် ကိုယ့်ကို အန္တရာယ်မဖြစ်စေအောင် သောက်သက်တဲ့ ပမာဏဆိုတာတော့ ရှိပါတယ်။ အမျိုးသမီးဆိုပါက တစ်နေ့ကို ၂ ယူနစ်၊ အမျိုးသားဆိုပါက တစ်နေ့ကို ၄ ယူနစ်ထပ် ပိုပြီးမသောက်သုံးသင့်ပါဘူး။ အမျိုးသမီးတစ်ယောက်အနေနဲ့ တစ်ပတ်ကို ၁၀ ယူနစ်ကနေ ၁၂ ယူနစ်အထိ၊ အမျိုးသားတွေကတော့ တစ်ပတ်ကို ၁၄ ယူနစ်ကနေ ၁၆ ယူနစ်လောက်အထိသာ သောက်သုံးမယ်ဆိုပါက ဘေးဥပါဒ်မဖြစ်စေပါဘူး။
( ၂ ယူနစ်ကတော့ 175 ml ဖြစ်ပြီး ပုံမှန် ဖန်ခွက်တစ်ခွက်စာနဲ့ ညီမျှပါတယ်။)
Photo : Freepik
“ ကျန်းမာရေး ရှုထောင့်ကနေ ပြောမယ်ဆိုရင်တော့ အရက်ကို တတ်နိုင်ရင် မသောက်တာ အကာင်းဆုံးပါ။ မဖြစ်မနေသောက်မယ်ဆိုပါက ဘေးဥပါဒ်မ ဖြစ်စေတဲ့ ပမာဏလောက်ကိုပဲ သောက်သုံးပါ အကြံပြုလိုပါတယ်။”
သတင်းဆောင်းပါးပါ အချက်အလက်များသည် ပန်းလှိုင်ဆေးရုံမှ အထွေထွေအထူးကုသမားတော်ကြီး ဒေါက်တာ အောင်ဇော်မြင့် မှ ဆွေးနွေးအကြံပြုဝေမျှခြင်းဖြစ်ပါသည်။