နာမည်ကျော် Streamer တစ်ဦးဖြစ်တဲ့ Tfue ဟာ ပြီးခဲ့တဲ့အပတ်က သူ့ Stream မှာ ကြည့်ရှုသူ အများအပြားရဲ့ ရှေ့မှာတင်ပဲ လူမျိုးရေးခွဲခြားတဲ့အသုံးအနှုန်းကို သုံးနှုန်းခဲ့ပါတယ်။
လူမျိုးရေးခွဲခြာတဲ့ စကားအပြောအဆိုများကို ပြောဆိုခြင်းဟာ Twitch ရဲ့ စည်းမျဉ်းများကို ဖောက်ဖျက်ခြင်းဖြစ်တာကြောင့် လူမျိုးရေးခွဲခြားတဲ့ Streamer တွေဟာ Twitch ရဲ့အရေးယူပြစ်ဒဏ်ပေးခြင်းကို ခံရလေ့ရှိပါတယ်။ သို့ပေမယ့် ဒီဖြစ်ရပ်မှာတော့ Twitch ဟာ ရက်သတ္တပတ် ၁ ပတ် ကျော်တာတောင် Tfue ကိုအရေးယူခြင်းမရှိသေးတဲ့အတွက် ဂိမ်းလောက အသိုင်းအဝိုင်းမှာတော့ ဝေဖန်သံများ ဆူညံနေခဲ့ပါတယ်။
Tfue ရဲ့နာမည်အရင်းကတော့ Turner Tunney ဖြစ်ပြီး အသက် ၂၁ အရွယ်သာရှိသေးတဲ့ အမေရိကန်နိုင်ငံသား Streamer တစ်ဦးပါ။ သူ့ဟာ Fortnite ကိုအဓိက Stream ပြီး ပရော်ဖက်ရှင်နယ်ကစားသမားတစ်ဦးအဖြစ်လည်း လူသိများကြပါတယ်။
သူ့ရဲ့ Twitch Channel ဟာ Follower ၆.၉ သန်းကျော်ရှိပြီး Ninja ပြီးရင် Follower အများဆုံး Streamer လည်းဖြစ်ပါတယ်။ Tfue တစ်ယောက် လူမျိုးရေးခွဲခြားတဲ့စကားလုံးမျိုးကို သုံးနှုန်းတာဟာ ဒါပထမဆုံးအကြိမ်မဟုတ်ပါဘူး။ ၂၀၁၈ ခုနှစ် မေလတုန်းကလည်း Fortnite ကစားရင်း အခြားကစားသမားတစ်ယောက်ကို "coon" လို့သုံးနှုန်းခဲ့ပါသေးတယ်။
"Coon" ဆိုတဲ့အသုံးအနှုန်းဟာ လူမည်းတွေကို လူမျိုးရေးခွဲခြားတဲ့အသုံးအနှုန်းဖြစ်တာကြောင့် Twitch ကနေ Tfue ကို Stream ပြုလုပ်ခြင်းမှ တစ်လတိတိ ပိတ်ပင်ခဲ့ပါတယ်။ Twitch ရဲ့စည်းမျဉ်းထဲမှာ သူတို့ချမှတ်ထားတဲ့ စည်းကမ်းတွေကို သုံးကြိမ်တိတိချိုးဖောက်ခဲ့ရင် ချိုးဖောက်သူကို ရက်အကန့်အသတ်မရှိ (သို့မဟုတ်) တစ်သက်တာ Stream ခွင့် ပိတ်ပင်မယ်ဆိုပြီး ပါရှိပါတယ်။
Tfue ဟာ ၂၀၁၈ ခုနှစ် သြဂုတ်လတုန်းကလည်း Twitch ရဲ့စည်းမျဉ်းအချို့ကို ချိုးဖောက်ခဲ့ပြီး Stream ခွင့်ပိတ်ပင်ခံခဲ့ရပါသေးတယ်။ ယခုတစ်ခါမှာလည်း အမေရိကမှာတရားဝင် ပိတ်ပင်တားမြစ်ထားတဲ့ "N****" စကားလုံးကို Minecraft ကစားရင်း သုံးနှုန်းခဲ့ပါတယ်။ ဒါနဲ့ဆိုရင် Tfue တစ်ယောက် စည်းကမ်းချိုးဖောက်တာ သုံးကြိမ်တိတိ ရှိသွားပြီဖြစ်ပြီး ပြစ်ဒဏ်အရ ရက်အကန့်အသတ်မရှိ (သို့မဟုတ်) တစ်သက်တာ Twitch မှာ Stream ခွင့် ပိတ်ပင်ခံရမှာပါ။
သို့ပေမယ့် Twitch ဟာ အဆိုပါအဖြစ်အပျက် ဖြစ်ပွားပြီး တစ်ပတ်အကြာမှာတောင် အရေးယူခြင်းမရှိသေးပါဘူး။ ယခုလိုအရေးယူဖို့ ကြန့်ကြာနေတာဟာ Tfue ဟာ Twitch ရဲ့ ထိပ်တန်း Streamer တစ်ယောက်ဖြစ်တာနဲ့အညီ Twitch ဘက်က ရွှေဥဥပေးနေတဲ့ ငန်းကို သတ်မပစ်ချင်တာလား၊ ဒါမှမဟုတ် အခြားအကြောင်းအရာတွေကြောင့်လားဆိုတာကိုတော့ မသိရသေးပါဘူး။
လူမျိုးရေးခွဲခြားမှုကို ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာတော့ သိပ်ပြီး အရေးတယူမလုပ်ကြပေမယ့် အမေရိကန်နိုင်ငံလို ဖွံ့ဖြိုးပြီးနိုင်ငံတွေမှာတော့ ပိတ်ပင်တားမြစ်ထားပြီး ကျူးလွန်ခဲ့ရင်လည်း ပြစ်ဒဏ်တွေချမှတ်လေ့ရှိပါတယ်။ ယခုလက်ရှိ Tfue ဖြစ်နေတဲ့ပြဿနာဟာ လူမျိုးရေးခွဲခြားမှုနဲ့ပတ်သတ်ပြီး ဗဟုသုတနည်းသူတွေအတွက်တော့ သင်ခန်းစာယူစရာပဲဖြစ်ပါတယ်။
Written by Myo Thant Kyaw