အမူအယာအမျိုးမျိုးနဲ့ လူတွေရဲ့ မျက်နှာပုံတွေကို အွန်လိုင်းပေါ်မှာ တရားမဝင် ရောင်းချမှုတွေ ရှိနေပါတယ်။
Tencent ရဲ့ အထောက်အပံ့နဲ့ လည်ပတ်နေတဲ့ တစ်ပတ်ရစ်ပစ္စည်းအရောင်းအွန်လိုင်းပလက်ပေါင်း Zhuanzhuan ထဲ ဝင်ရောက်ခဲ့သူတွေဟာ ထောင်နဲ့ချီနဲ့ လူမျက်နှာပုံတွေကို ရောင်းချနေတာ တွေ့ခဲ့တယ်လို့ တရုတ်နိုင်ငံပိုင် မီဒီယာတစ်ခု ဖြစ်တဲ့ CCTV သတင်းမှာ ဖော်ပြထားပါတယ်။ ZhuanZhuan ပေါ်မှာ လူပုံပေါင်း ၅၀၀၀ ပါတဲ့ ပက်ကေ့ချ်တစ်ခုကို တရုတ် ၁၀ ယွမ် ( မြန်မာငွေ ၂၁၀၀ ကျော်) ဈေးနဲ့ ရောင်းချနေတာပါ။
Photo: Abacus
မျက်နှာအမူအယာမျိုးစုံနဲ့ လူပုံတွေကို အခုချိန်မှာ ZhuanZhuan စတိုးကနေ ဖယ်ရှားထားတယ်လို့လည်း ဆိုပါတယ်။ အခုလို လူမျက်နှာပုံတွေ တရားမဝင် ရောင်းချမှုအကြောင်း ZhuanZhuan ဝက်ဘ်ဆိုက်ဘက်က မှတ်ချက်ပြု ပြောကြားခြင်း မရှိပါဘူး။ တရုတ်မှာ ရှိတဲ့ app အတော်များများဟာ သုံးစွဲသူတွေရဲ့ ဓါတ်ပုံတွေကို အကာအကွယ်ပေးဖို့ သင့်တော်ကောင်းမွန်တဲ့ စည်းမျဉ်းသတ်မှတ်ချက်တွေ မထားရှိထားဘူးလို့လည်း ဆိုပါတယ်။
Abacus ကနေ ရေးထားတဲ့ သတင်းအရ တရုတ် app တွေဟာ သုံးစွဲသူရဲ့ ကိုယ်ရေးအချက်အလက်တွေကို အမြောက်အများ စုဆောင်းနေပြီး ဒီထဲမှာ SMS မက်ဆေ့တွေ ၊ နေရပ်လိပ်စာ ၊ တည်နေရာနဲ့ အသံဖမ်းထားတဲ့ ကိုယ်ရေးအချက်အလက်တွေပါ ပါဝင်နေတယ်လို့ ဆိုပါတယ်။ တရုတ်စားသုံးသူ အစည်းအရုံး CCA ဟာ ပြီးခဲ့တဲ့ နိုဝင်ဘာလက မတူညီတဲ့ ကဏ္ဍ ၁၀ မျိုးထဲက app ပေါင်း ၁၀၀ ကို စိစစ်ရာမှာ သုံးစွဲသူရဲ့ တည်နေရာကအချက်အလက် အများအပြား ရယူထားတဲ့ app ပေါင်း ၅၉ ခု တွေ့ရှိခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။
Photo: SCMP
ZhuanZhuan လိုမျိုး လူမှုဆက်သွယ်ရေး ပလက်ဖောင်းတစ်ခုဖြစ်တဲ့ Baidu Tieba မှာလည်း အရောင်းအဝယ်လုပ်သူတစ်ချို့ဟာ မျက်နှာပြင် အချက်အလက်များ ရောင်းချဖို့ လုပ်ဆောင်ခဲ့တယ်လို့ ဆိုပါတယ်။ သတင်းတွေအရ ဓါတ်ပုံတစ်ပုံချင်းဟာ ယွမ် ပြား ၅၀ (၀.၀၇ ဒေါ်လာ ပဲ) ကျသင့်မှာ ဖြစ်ပေမယ့် ဖုန်းနံပါတ် ၊ ID အချက်အလက်နဲ့ ဘဏ်အကောင့်အချက်အလက်တွေ လိုချင်တယ်ဆိုရင် ၄ ယွမ် ( ၀.၅၇ ဒေါ်လာ) ကျသင့်မယ်လို့ ဖော်ပြထားပါတယ်။
တရားဝင်မဟုတ်ပေမယ့် အခုလို ကိုယ်ရေးအချက်အလက်တွေ ရောင်းချခြင်းဟာ တစ်ခါတစ်လေမှာ machine-learning algo များကို လေ့ကျင့်ပေးဖို့ အရင်းအမြစ်တွေအနေနဲ့ ရောင်းတာလည်း ဖြစ်ပါတယ်။