လူမှုကွန်ရက်တွေက တစ်ဆင့် တောရိုင်းတိရစ္ဆာန် အစိတ်အပိုင်းတွေ တရားမဝင်ရောင်းချမှုတွေကို သတင်းဖော်ထုတ်ပြီး အရေးယူသွားမယ်လို့ သစ်တောဦးစီးဌာန ၊သဘာ၀၀န်းကျင်နှင့်သားရိုင်းတိရစ္ဆာန် ထိန်းသိမ်းရေးဌာနမှ ညွှန်ကြားရေးမှူးက ဦးဝင်းနိုင်သော်က ပြောပါတယ်။မတ်လ ၃ ရက်က ရန်ကုန်မြို့ တိရစ္ဆာန်ဥယျာဉ်မှာ ပြုလုပ်တဲ့ ဖမ်းဆီးရမိ ဆင်စွယ်၊ ဆင်အစိတ်အပိုင်းနှင့် တောရိုင်းတိရစ္ဆာန်အစိတ်အပိုင်းတွေကို ဒုတိယအကြိမ် ဖျက်ဆီးခြင်းအခမ်းအနားမှာ ပြောကြားခဲ့တာဖြစ်ပါတယ်။
လက်တလောမှာ လူမှုကွန်ရက်စာမျက်နှာတွေမှာ ကုန်းလိပ်၊သင်းခွေချပ်၊ မြွေအစရှိတဲ့ တိရစ္ဆာန်တွေ ရောင်းချနေမှုတွေ ပိုမိုများလာတာကြောင့် သက်ဆိုင်ရာဌာနတွေနဲ့ပူးပေါင်းပြီး အရေးယူသွားမှာဖြစ်သလို ပြည်သူတွေအနေနဲ့လည်း တွေ့ရှိပါက သတင်းပေးတိုင်ကြားပါလို့ ညွှန်ကြားရေးမှူး ဦးဝင်းနိုင်သော်က ဆိုပါတယ်။
“ဆိုရှယ်မီဒီယာမှာ နာမည်ဖော်စရာမလိုဘဲနဲ့ ဖုန်းနံပတ်လေးနဲ့ အဆင့်ဆင့်ခံပြီး ရောင်းနေတယ်။ ဒါကို ကျွန်တော်တို့က လိုက်စုံစမ်းနေပါတယ်။ Facebook တို့ Google တို့ စတဲ့ ကုမ္ပဏီကြီးတွေကိုပါ တရားမဝင် ကူးသန်းရောင်းဝယ်မှုဆွေးနွေးပွဲကြီးတွေမှာ ပါဝင်စေပြီး သူတို့ဆီမှာ ရောင်းချနေတာကို ပိတ်ပင်ဖို့ တောင်းဆိုမှာပါ။ ပြည်သူတွေကလည်း လူမှုကွန်ရက်တွေမှာ ဒီလိုရောင်းချနေတာတွေ့ရင် သတင်းပေးပါလို့ တိုက်တွန်းချင်ပါတယ်” လို့ ဦးဝင်းနိုင်သော်က ပြောပါတယ်။သတင်းပေးသူတွေကို ဆုကြေးငွေ ၁၀ သိန်းချီးမြှင့်သွားမယ်လို့ ဆိုပါတယ်။ လက်ရှိ ရန်ကုန်မြို့မှာ ဆင်နဲ့ ပတ်သက်တဲ့ ပစ္စည်းတွေကို ရွှေတိဂုံ၊ ဗိုလ်ချုပ်ဈေးတို့မှာ ရောင်းချနေတာတွေအပြင် စားသောက်ဆိုင်တွေမှာ တောကောင်ဟင်းတွေကို ရောင်းချခြင်းမပြုဖို့ ပညာပေးစည်းရုံးတာတွေ ပြုလုပ်ခဲ့ပြီးနောက် ၂၀၁၈ ခုနှစ် နှစ်ကုန်ခါနီးမှစပြီး အရေးယူမှု တွေပြုလုပ်ခဲ့တယ်လို့လည်း သိရပါတယ်။