မန်ချက်စတာယူနိုက်တက်ကတော့ ကာရာဘောင်ဖလားပွဲမှာ နယူးကာဆယ်ကို အနိုင်ယူပြီး ဖလားဆွတ်ခူးသွားခဲ့ပါတယ်။ ကက်စ်မဲရိုးနဲ့ ရက်ရှ်ဖို့ဒ်တို့ရဲ့ သွင်းဂိုးတွေကြောင့် ယူနိုက်တက်က ၂-၀ နဲ့ အနီုင်ရရှိခဲ့တာပါ။ ပွဲပြီးခါနီးမှာ ယူနိုက်တက်တို့ အပိုင်အခွင့်အရေး တကြိမ်ထပ်ရခဲ့ပြီး ဘရူနိုဖာနန်ဒက်စ်က ဘောလုံးနဲ့အတူ တောက်လျှောက်ဆွဲပြေးကာ ရက်ရှ်ဖို့ဒ်ကို မပေးဘဲ တိုက်ရိုက်ကန်သွင်းရာမှာ လွဲချော်ခဲ့လို့ နောက်ထပ်ဂိုးမရခဲ့တာဖြစ်ပါတယ်။
ဖာနန်ဒက်စ်အနေနဲ့ အသင်းဖော်ကိုသာ ပေးခဲ့မယ်ဆိုရင် သေချာပေါက်ဂိုးရမယ့် အနေအထားမှာရှိခဲ့တာပါ။ ဒါပေမယ့် ဗိုလ်လုပွဲတပွဲမှာ ဂိုးသွင်းယူချင်တဲ့ သူ့ရဲ့ ဆန္ဒကို ဦးစားပေးခဲ့တယ်လို့ ယူဆရပါတယ်။ ပွဲအပြီးမှာတော့ ယူနိုက်တက်ကစားသမားတွေဟာ ပွေ့ဖက်အောင်ပွဲခံနေကြပြိး ဖာနန်ဒက်စ်လည်း အသင်းဖော်တွေနဲ့ အောင်ပွဲခံနေခဲ့ပါတယ်။
အဲဒီအချိန်မှာပဲ ကက်စ်မဲရိုးက ဖာနန်ဒက်စ်ဆီသွားခဲ့ပြီး အဆိုပါအခိုက်အတန့်မှာ ဘာလို့လူမပေးခဲ့တာလဲဆိုတာကို သွားရောက်ပြောဆိုပြီး မေးခွန်းထုတ်ခဲ့ပါတယ်။ ဖာနန်ဒက်စ်ကလည်း လက်ဟန်ခြေဟန်နဲ့ ပြန်ရှင်းပြခဲ့ပေမယ့် ကက်စ်မဲရိုးကတော့ ကျေနပ်ဟန်မရှိဘဲ စိတ်တိုနေတဲ့ မျက်နှာပေးနဲ့ လှည့်ထွက်လာခဲ့တာကို ရုပ်သံဗီဒီယိုတွေက အမိအရ ရိုက်ကူးနိုင်ခဲ့ပြိး တွစ်တာမှာတော့ ပျံ့နှံ့နေပြီဖြစ်ပါတယ်။
ယူနိုက်တက်ပရိသတ်တွေကလည်း ကက်စ်မဲရိုးရဲ့ အပြုအမူနဲ့ပတ်သက်ပြီး သဘောကျနေပြီး အသင်းက ဆုဖလားဆွတ်ခူးတာတောင်မှ အသင်းဖော်ကို လိုအပ်တာ ချက်ချင်းပြောဆိုခဲ့တဲ့အပေါ်မှာ ချီးကျူးခဲ့ကြပါတယ်။ ကက်စ်မဲရိုးကတော့ ရီးရဲလ်ကစားသမားဘ၀မှာ ဗိုလ်လုပွဲအများအပြားကစားခဲ့ဖူးသူဖြစ်ပြီး အဆိုပါပွဲတွေက အတွေ့အကြုံအရ ဂိုးရအောင်သွင်းနိုင်ချိန်မှာ မလွတ်တမ်းအသုံးချနိုင်ဖို့ လိုအပ်တယ်ဆိုတာကို နားလည်ထားသူလို့လည်း ဆိုရပါလိမ့်မယ်။
ဒါကြောင့် ဖာနန်ဒက်စ်ရဲ့ ကန်သွင်းချက်က ဖြုန်းတီးပစ်တာလို့ ယူဆနေဟန်ရှိပြီး အောင်ပွဲခံနေတဲ့ အသင်းဖော်ကို မေးခွန်းထုတ်ကာ ဖြေရှင်းစေခဲ့တာဖြစ်ပါတယ်။ ပရိသတ်တွေကလည်း ဒီလိုကစားသမားမျိုး အသင်းမှာ ပိုင်ဆိုင်ထားလို့ ကျေနပ်မိကြောင်းနဲ့ ကက်စ်မဲရိုးရဲ့ စိတ်အားထက်သန်မှုကိုလည်း တော်တော်လေးသဘောကျမိနေပြီလို့ မှတ်ချက်ပြုနေကြပါတယ်။