ရပ်ရှ်ဖို့ဒ်ကတော့ အသင်းရဲ့လူဟောင်းကြီးကို ကူညီသွားမှာပါ။

ယူနိုက်တက်တိုက်စစ်မှူး ရပ်ရှ်ဖို့ဒ်ဟာ အကြွေးနွံနစ်ပြီး လူမွဲစာရင်း ခံယူလိုက်ရတဲ့ အသင်းရဲ့နောက်ခံလူဟောင်း ဝက်စ်ဘရောင်းကို ကူညီပေးဖို့အတွက် ပြင်ဆင်လာခဲ့ကြောင်း သိရှိရပါတယ်။ ဘရောင်းဟာ ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းမှာ သူ့ရဲ့ အကြွေးတွေကြောင့် လူမွဲစာရင်း သွင်းခံလိုက်ရတာလည်းဖြစ်ပါတယ်။



အဆိုပါ အင်္ဂလန်လူမျိုးနောက်ခံလူဟောင်းဟာ ကားအာမခံကုမ္ပဏီတစ်ခုမှာ ပေါင်သိန်းဂဏန်းအထိ အကြွေးတင်သွားခဲ့ပြီးနောက် အခုလိုမျိုးပဲ လူမွဲစာရင်းသွင်းခံလိုက်ရတာပါ။ ဘရောင်းဟာ ကားအတွက် ငွေပေးချေမှုတစ်ခုမှာ အမှားအယွင်းတွေဖြစ်ပွားခဲ့ပြီး ဆက်လက်မပေးချေနိုင်ခဲ့တဲ့နောက် အခုလိုမျိုး အဖြစ်ဆိုးမျိုးနဲ့ ရင်ဆိုင်ခဲ့ရတာပါ။

ဘ‌ရောင်းကို ကူညီပေးဖို့အတွက် ယူနိုက်တက်အသင်းဖော်ဟောင်းတွေဖြစ်တဲ့ ရွန်းနီ၊ ကာရစ်တို့က ကမ်းလှမ်းခဲ့ကြောင်းလည်း သိရှိရပြီး လက်ရှိအချိန်မှာတော့ ရပ်ရှ်ဖို့ဒ်ကပါ သူ ပိုင်ဆိုင်တဲ့ အိမ်ခန်းတစ်ခန်းကို အလွန်သက်သာတဲ့ စျေးနှုန်းတစ်ခုနဲ့ ငှားရမ်းပေးဖို့ ဘရောင်းကို အသိပေးထားကြောင်း သတင်းတွေက ဖော်ပြခဲ့ပါတယ်။

ဘရောင်းဟာ ပြီးခဲ့တဲ့နှစ်အတွင်းမှာ သူ့ရဲ့ဇနီးဖြစ်သူနဲ့ ကွာရှင်းပြတ်စဲခဲ့ပြီး သူတို့နှစ်ဦး လမ်းခွဲချိန်မှာ သားသမီး (၃) ယောက်အထိ ရှိနှင့်ခဲ့ပြီးလည်းဖြစ်ပါတယ်။ အချို့ကတော့ ဘရောင်းရဲ့ ငွေကုန်ကြေးကျများပြားတဲ့ နေထိုင်မှုပုံစံက သူ့ကို ဒီလိုအခြေအနေအထိ ဆွဲချခဲ့ကြောင်း ယုံကြည်နေကြပါတယ်။

သတင်းရင်းမြစ်တစ်ဦးက ဘရောင်းအနေနဲ့ ကစားသမားဘဝမှာ ငွေကြေးအများအပြား ရှာဖွေနိုင်ခဲ့ပေမယ့် သူ့ထက် လစာ (၅) ဆ ဒါမှမဟုတ် (၆) ဆလောက်ရရှိနေတဲ့ အသင်းဖော်တွေနဲ့ အပြိုင် နေထိုင်သုံးစွဲဖို့ ကြိုးစားခဲ့တာက သူ့ကို ပြဿနာဖြစ်စေခဲ့ကြောင်း ပြောကြားခဲ့ပါတယ်။ ဒါ့အပြင် ဘရောင်းက အိမ်ခြံမြေ ရင်းနှီးမြှုပ်နှံမှုတွေမှာ အမှားအယွင်းတွေ ပြုလုပ်မိခဲ့ကြောင်း သိရှိရပြီး သူပိုင်ဆိုင်ထားတဲ့ အရာအချို့ကို ဝယ်ရင်းစျေးထက် ထက်ဝက်တန်ဖိုးနဲ့ ပြန်လည်ရောင်းချခဲ့ရကြောင်း သတင်းရင်းမြစ်တွေကဆိုပါတယ်။

ဘရောင်းဟာ ယူနိုက်တက်ကစားသမားဘဝမှာ ပရီးမီးယားလိဂ်ဖလား (၅) ကြိမ်၊ ချန်ပီယံလိဂ်ဖလား၊ အက်ဖ်အေဖလား၊ လိဂ်ဖလားနဲ့ ကွန်မြူနတီဒိုင်းတို့ကို (၂) ကြိမ်စီ ဆွတ်ခူးနိုင်ခဲ့ပါတယ်။ အင်္ဂလန်လက်ရွေးစင် အသင်းအတွက်လည်း (၂၃) ပွဲ ပါဝင်ကစားပေးခဲ့ပြီး တစ်ဂိုးသွင်းယူနိုင်ခဲ့ပါသေးတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က