မန်ချက်စတာယူနိုက်တက်အသင်းရဲ့ နောက်ခံကစားသမားဟောင်း ဝက်စ်ဘရောင်းဟာ လူမွဲစာရင်းခံလိုက်ရပြီဖြစ်ပါတယ်။ တချိန်က ယူနိုက်တက်ရဲ့ ခံစစ်ပိုင်းမှာ နေရာစုံလိုက်လံကစားပေးခဲ့ပြီး ဆာအဲလက်စ်ဖာဂူဆန်ရဲ့ အားထားရတဲ့ နောက်ခံလူတဦးဖြစ်ခဲ့တဲ့ ဘရောင်းဟာ မိသားစုပြသနာတွေ ဖြစ်ပွားခဲ့ပြီးနောက်မှာ လူမွဲစာရင်းခံလိုက်ရတာပါ။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီလကတည်းက လူမွဲစာရင်းခံဖို့အတွက် တရားရုံးကို ဝက်စ်ဘရောင်းက အသနားခံစာတင်ခဲ့ပြီး ဧပြီလ ၁၂ ရက်နေ့မှာ တရားရုံးက ခွင့်ပြုခဲ့တယ်လို့ The Sun က ဖော်ပြခဲ့ပါတယ်။ ယူနိုက်တက်မှာ ကစားတုန်းက သူဟာ တပတ်လုပ်ခ ပေါင် ၅ သောင်းအထိ ရရှိခဲ့ကာ ချမ်းသာကြွယ်၀တဲ့သူတဦးအဖြစ်ရှိနေခဲ့တာပါ။
ယူနိုက်တက်အတွက် ၁၅ နှစ်ကြာကစားပေးခဲ့တဲ့ ဘရောင်းဟာ အခုအခါ အသက် ၄၃ နှစ်အရွယ်ရှိနေပြီဖြစ်ပြီး ပြီးခဲ့တဲ့နှစ်ကမှ ဇနီးသည်ဖြစ်သူနဲ့ ကွာရှင်းပြတ်စဲခဲ့ပါသေးတယ်။ ချက်ရှိုင်းယားဒေသမှာ သူ ပိုင်ဆိုင်ထားတဲ့ နေအိမ်ကိုလည်း ပေါင် ၄.၅ သန်းနဲ့ ဘရောင်းက ရောင်းချခဲ့ပြီး မိသားစုပြသနာတွေကြောင့် ငွေကြေးမရှိတဲ့အဖြစ်ကို ရင်ဆိုင်ခဲ့ရတယ်လို့ ယူဆရပါတယ်။
ယူနိုက်တက်လူငယ်အသင်းကနေ ထွက်ပေါ်ခဲ့ပြီး အသင်းကြီးအတွက် ဆယ်စုနှစ်တခုကျော်ကစားပေးခဲ့ကာ ဆန်းဒါးလန်းနဲ့ ဘလက်ဘန်းတို့မှာလည်း ကျင်လည်ခဲ့ပြီး ကစားသမားဘ၀က အနားယူနေခဲ့တာဖြစ်ပါတယ်။ အင်္ဂလန်အတွက် ၂၃ ပွဲအထိ ကစားပေးခဲ့တဲ့ ဘရောင်းဟာ လာမယ့်လအတွင်း ကျင်းပဖို့ရှိနေတဲ့ ရန်ပုံငွေဘောလုံးပွဲတခုမှာ အသင်းဖော်ဟောင်း နစ်ကီဘတ်နဲ့အတူ ပါဝင်ကစားဖို့ရှိတယ်လို့လည်း သိရပါတယ်။