လက်ရှိမေဂျာလိဂ်ကလပ် ဒီစီယူနိုက်တက်ကို ကိုင်တွယ်နေတဲ့ ရွန်းနီဟာ ပွဲချိန်အတွင်း ပြိုင်ဘက် ကစားသမားအပေါ် လူမျိုးရေးခွဲခြားခဲ့တဲ့ ဒီစီယူနိုက်တက်ကစားသမား ဖောင်တက်စ်ကို ဆက်လက်ကစားခွင့်မပေးဘဲ လူစားလဲပစ်ခဲ့ရပါတယ်။ ဒီစီယူနိုက်တက်နဲ့ အင်တာမိုင်ယာမီတို့ ကစားခဲ့တဲ့ပွဲမှာ ဒီလိုမျိုး ဖြစ်ရပ်ဖြစ်ပွားခဲ့ပြီး အင်တာမိုင်ယာမီ ကစားသမား လိုဝီနဲ့ ဖောင်တက်စ်တို့ ထိပ်တိုက်တွေ့ခဲ့ရာမှ ဒီပြဿနာအစပြုခဲ့တာပါ။
ပွဲကစားချိန် (၅၉) မိနစ်မှာ ဖြစ်ပွားခဲ့တဲ့ ဒီဖြစ်ရပ်အပေါ် ဧည့်သည်အင်တာမိုင်ယာမီ ကစားသမားတွေ မခံမရပ်နိုင်ဖြစ်ခဲ့ကြပြီး ပွဲကို ဆက်လက်ကစားဖို့ ငြင်းဆန်ခဲ့ပါတယ်။ အဲ့ဒီနောက် ကွင်းလယ်ဒိုင်လူကြီးက နှစ်ဖက်နည်းပြတွေဖြစ်တဲ့ ရွန်းနီ၊ ဖီးလ်နဗီးလ်တို့နဲ့ ညှိနှိုင်းဆွေးနွေးပြီးနောက် ရွန်းနီက ဖောင်တက်စ်ကို လူစားလဲခဲ့ပါတယ်။ အဲ့ဒီနောက်မှသာ ပွဲကို ဆက်လက်ကစားဖြစ်ခဲ့ပါတယ်။
အင်တာမိုင်ယာမီ ကစားသမား ယက်ဒ်လင်းကလည်း ဖောင်တက်စ် လိုဝီကို လူမျိုးရေးခွဲခြားတဲ့အသုံးအနှုန်းနဲ့ စော်ကားခဲ့တာကို ကြားသိခဲ့ကြောင်း ပြောပါတယ်။ ဖောင်တက်စ်နဲ့ပတ်သက်လို့ တစုံတရာ အရေးယူမှု မပြုလုပ်မချင်း အင်တာမိုင်ယာမီ ကစားသမားတွေက ပွဲကို ဆက်လက်ကစားဖို့ ငြင်းဆန်ခဲ့တာဖြစ်ပါတယ်။ အဲ့ဒါကြောင့်လည်း ရွန်းနီက ဖောင်တက်စ်ကို လူစားလဲခဲ့ရတာပါ။
ပွဲအပြီးမှာတော့ အင်တာမိုင်ယာမီနည်းပြ ဖီးလ်နဗီးလ်က ဒီအသုံးအနှုန်းဟာ ကမ္ဘာပေါ်မှာ အဆိုးရွားဆုံး စကားလုံးဖြစ်တယ်လို့ ပွဲအပြီး သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။ ရွန်းနီကလည်း ဒီဖြစ်ရပ်နဲ့ပတ်သက်လို့ စောဒကတက်မှုတွေရှိကြောင်း၊ သေချာပေါက် စုံစမ်းစစ်ဆေးသွားမှာဖြစ်ပြီး အခုထက် ဘာမှပိုပြီးမပြောနိုင်သေးကြောင်း ဆိုလာပါတယ်။
ဖောင်တက်စ်ကတော့ သူ့အနေနဲ့ “N****” ဆိုတဲ့ အသုံးအနှုန်းကို သုံးစွဲခဲ့ခြင်းမရှိကြောင်း ငြင်းဆန်ထားပါတယ်။ မေဂျာလိဂ်အဖွဲ့ချုပ်ဘက်ကတော့ ဒီဖြစ်စဥ်နဲ့ပတ်သက်လို့ လိုအပ်တဲ့ စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်နေပြီး ဖောင်တက်စ်အနေနဲ့ အမှန်တကယ် လူမျိုးရေးခွဲခြားခဲ့ရင်တော့ ပြစ်ဒဏ်ချ အရေးယူမှုတွေနဲ့ ရင်ဆိုင်ရမှာပါ။ ဒီပွဲမှာတော့ ဧည့်သည်အင်တာမိုင်ယာမီက ဒီစီယူနိုက်တက်ကို အဝေးကွင်းမှာ ၂-၃ ဂိုးနဲ့ အနိုင်ရရှိခဲ့ပါတယ်။