ပွဲမတိုင်ခင် ကွင်းထဲအဝင်မှာ ဖြစ်ပွားခဲ့တာပါ။

မနေ့က ကစားခဲ့တဲ့ ဘရာဇီးနဲ့ ဂီနီယာတို့ရဲ့ ခြေစမ်းပွဲမှာ ဘရာဇီးလက်‌ရွေးစင် အသင်းက ဗီနီရှပ်စ်အပေါ် ကျူးလွန်ခဲ့ကြတဲ့ လူမျိုးရေးခွဲခြားမှုကို ဆန့်ကျင်ကြောင်း ပြသတဲ့အနေနဲ့ ဂျာစီအနက်၊ ဘောင်းဘီအနက်၊ ခြေအိတ်အနက်တို့ကို ဝတ်ဆင်ခဲ့ပါတယ်။ ဘရာဇီးလက်ရွေးစင် အသင်းသမိုင်းတစ်လျှောက်မှာလည်း ဒီလိုအရောင်မျိုးကို ဝတ်ဆင်တာ ပထမဆုံးလို့ ဆိုကြပါတယ်။



ဒါပေမယ့်လည်း ဘရာဇီးတို့ ဒီလိုမျိုး လူမျိုးရေးခွဲခြားမှုကို တိုက်ဖျက်နေချိန်မှာပဲ ဗီနီရှပ်စ်ရဲ့ သူငယ်ချင်းနဲ့ အကြံပေးဖြစ်သူတို့က ပွဲမတိုင်ခင် ကွင်းထဲအဝင်မှာတင် လုံခြုံရေးရဲ့ လူမျိုးရေးခွဲခြားမှုနဲ့ ရင်ဆိုင်လိုက်ရပါတယ်။ ဒီပွဲကိုတော့ စပိန်နိုင်ငံ၊ အက်စ်ပန်ညိုကွင်းမှာပဲ ကစားခဲ့တာဖြစ်ပြီး ဗီနီရှပ်စ်ရဲ့ သူငယ်ချင်းနဲ့ အကြံပေးတို့နှစ်ယောက် ကွင်းထဲဝင်လာချိန်မှာ လုံခြုံရေးက မလျော်ကန်တဲ့ အပြုအမူကို ကျူးလွန်ခဲ့တာပါ။

အဆိုပါ လုံခြုံ‌ရေးက ဗီနီရှပ်စ်နဲ့ ပတ်သက်နေသူနှစ်ယောက်ကို “လက်မြှောက်၊ ငါ့မှာ မင်းတို့အတွက် သေနတ်ပါတယ်” လို့ ပြောဆိုရင်း သူ့အိပ်ကပ်ထဲက ငှက်ပျောသီးကို ထုတ်ပြခဲ့တာဖြစ်ပါတယ်။ ဒီဖြစ်ရပ်အတွက် ဗီနီရှပ်စ်ရဲ့ သူငယ်ချင်းအပါအဝင် ဗီနီရှပ်စ်ရဲ့ ဝန်ထမ်းတွေက ရဲတပ်ဖွဲ့ကို တိုင်ကြားခဲ့ပြီး ရုပ်သံမြင်ကွင်းတွေအရလည်း ဗီနီရှပ်စ်ရဲ့ သူငယ်ချင်းတွေနဲ့ ကွင်းဝန်ထမ်းတွေအကြား ပြဿနာဖြစ်ပွားနေတာကို မြင်တွေ့ခဲ့ရပါတယ်။

အဆိုပါ ကွင်းလုံခြုံရေးနဲ့ လုံခြုံရေးကုမ္ပဏီတို့က ဒီဖြစ်ရပ်ကို ငြင်းဆန်ခဲ့ကြပေမယ့် လက်တွေ့မှာတော့ ဖြစ်ရပ်က ထင်ရှားနေပါတယ်။ ဘရာဇီး ဘောလုံးအဖွဲ့ချုပ်ကလည်း ဒီဖြစ်ရပ်အတွက် တတ်နိုင်သလောက် အမြန်ဆုံး အရေးယူဖို့အတွက် ကြေညာချက်တစ်စောင် ထုတ်ပြန်ပြီး တိုက်တွန်းခဲ့ပါတယ်။

ဗီနီရှပ်စ်ကလည်း “ကျွန်တော်ကတော့ ကွင်းထဲမှာ သမိုင်းဝင် အနက်ရောင် ဂျာစီကို ဝတ်ပြီး စိတ်လှုပ်ရှားနေရချိန်မှာ ကျွန်တော့် သူငယ်ချင်းကတော့ ဒီကွင်းထဲအဝင်မှာ ထပ်မံ လှောင်ပြောင်ခံလိုက်ရပါတယ်။ ဆက်ဆံမှုက ဝမ်းနည်းစရာပါ။ ဒါတွေအားလုံးကို လူသိရှင်ကြား လုပ်မှာပါ။ တာဝန်ရှိတဲ့သူအားလုံးကိုလည်း လုံခြုံရေး ကင်မရာတွေက ဘယ်မှာလဲဆိုတာကို မေးထားပါတယ်” လို့ ပြောကြားသွားပါတယ်။ 

Share

Loading Next Article...
က္က