"လူနာက ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှာ ခွဲစိတ်တာဝန်ထမ်းဆောင်နေတာပါ။ ပိတ်ရက်မှာ သူ့အမျိုးသမီးဆီလာလည်တာပါ။ လူနာနံပါတ် ၄၇ (ရန်ကုန်) ရဲ့ ဆွေမျိုးသားချင်းမိသားစုဝင်တွေနဲ့ ထိတွေ့ဆက်ဆံကုသပေးခဲ့ဖူးတယ်လို့ သိရပါတယ်။ လူနာနံပါတ် ၄၇ နဲ့ တိုက်ရိုက်ထိတွေ့ခဲ့တာမဟုတ်ပေမယ့်လည်း ရောဂါပိုးရှိသူ လူနာနဲ့ ကြားခံထိတွေ့ခဲ့တာမျိုး ရှိခဲ့တယ်လို့ တာချီလိတ်မြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်တင့်က Duwun ကို ပြောပါတယ်။
ကျန်းမာရေး နှင့် အားကစားဝန်ကြီးဌာန ရဲ့ ဧပြီလ ၁၈ရက်နေ့ ည ၉ နာရီ ထုတ်ပြန်ချက်မှာပါရှိတဲ့ ရှမ်းပြည်နယ် အရှေ့ပိုင်း တာချီလတ်မြို့နယ် က လူနာနံပါတ် ၉၆ (အသက် ၄၃ နှစ်အရွယ်) အမျိုးသားဟာ ရန်ကုန်ပြည်သူ့ဆေးရုံကြီးက ခွဲစိတ် ဆရာဝန်တစ်ဦးဖြစ်နေတယ်လို့ သိရပါတယ်။ သူ့ရဲ့ နောက်ကြောင်းရာဇဝင်ကို လိုက်ခဲ့တဲ့အခါမှာတော့ သူနဲ့ ထိတွေ့ခဲ့သူတွေဟာ မိသားစုအပါအဝင် စုစုပေါင်း ၄၄ ဦးရှိနေတယ်လို့ သိရပါတယ်။
"ဟုတ်ပါတယ်၊ ကျွန်တော်တို့သိရသလောက်တော့ သူနဲ့အတူ လေယာဥ်နဲ့ ပါလာတာ ၁၂ ဦးရှိပါတယ်။ နောက်ပြီး သူနဲ့အတူ အလုပ်တွဲလုပ်တဲ့ ဆရာဝန်က ၂၂ ဦးလောက် ရှိတယ်။ သူ့ရဲ့ မိသားစုဝင်တွေနဲ့ဆိုရင် အားလုံးပေါင်း ၄၄ ယောက်လို့ ကျွန်တော်တို့ ကြားထားတယ်။ သူတို့ကိုလည်း quarantine ထားဖို့
ကျွန်တော်တို့ လုပ်နေပါတယ်။ ဇနီးသည်ကလည်း OG ပါ။ လူနာကိုတော့ မနက်က ကျိုင်းတုံဆေးရုံကြီးက လာခေါ်သွားပါတယ်" လို့ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်တင့်က Duwun ကို ပြောပါတယ်။
အတည်ပြုလူနာ နံပါတ် ၉၆ ဖြစ်တဲ့ ခွဲစိတ်ဆရာဝန်ဟာ သင်္ကြန်ပိတ်ရက် မိသားစုထံ ပြန်လာရင်း quarantine ဝင်ရာကနေ ရောဂါပိုးရှိကြောင်းတွေ့ရှိခဲ့တာဖြစ်ပါတယ်။
အမျိုးသမီးဟာလည်း သားဖွားမီးယပ်ဆရာဝန်တစ်ယောက်ဖြစ်နေပြီး ထိတွေ့ဆက်ဆံခဲ့သူမိတ်ဆွေတွေ၊ အတူအလုပ်တွဲလုပ်ခဲ့သူတွေဟာ ဆရာဝန်တွေဖြစ်ကြောင်း ကြားသိရပါတယ်။
ကျန်းမာရေး နှင့် အားကစားဝန်ကြီး ဌာနရဲ့ ဒီကနေ့ ဧပြီလ ၁၉ ရက်နေ့ မနက် ၇နာရီ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံအတွင်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူပေါင်း ၁၀၇ ဦးရှိနေပြီဖြစ်ပါတယ်။