"Pan Pacific က ကူးတာပါပဲ။ ဟိုတယ်က ဝန်ထမ်းပါ။ ဘာရာထူးလဲဆိုတာတော့ မသိရသေးပါဘူး။ Quarantine စောင့်ကြည့်နေချိန်မှာပဲ ရောဂါပိုးတွေ့သွားခဲ့တာဖြစ်ပါတယ်" လို့ တာမွေမြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းမြင့်က Duwun ကို ပြောပါတယ်။
ဧပြီလ ၂၈ ရက်နေ့ ည ၈ နာရီအချိန်က ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်ထဲမှာ ပါဝင်ခဲ့တဲ့ အတည်ပြုလူနာ (၃) ဦးထဲက တစ်ဦးကတော့ တာမွေမြို့နယ်မှာ နေထိုင်သူ အသက် (၄၃) နှစ်အရွယ် Pan Pacific ဟိုတယ်က ဝန်ထမ်းလို့ သိရပါတယ်။
ဧပြီလ ၉ ရက်နေ့က စတင်ပြီး စောင့်ကြည့်အနေနဲ့ Quarantine ထားရှိခဲ့ပြီးတဲ့နောက် ဧပြီလ ၂၈ရက်နေ့ညမှာတော့ အတည်ပြုလူနာအဖြစ် ထုတ်ပြန်ကြေညာခဲ့တာဖြစ်ပါတယ်။ အတူနေမိသားစုဝင်အနေနဲ့ ဇနီးသည်တစ်ဦးရှိတယ်လို့ သိရပါတယ်။ ထုတ်ပြန်ကြေညာချက်ထဲမှာတော့ လူနာဟာ နံပါတ် (၁၃၃) ၊ (၁၃၄) ၊ (၁၄၂) တို့နဲ့ ထိတွေ့မှု ရှိကြောင်း ရေးသားထားတာကို တွေ့ရပါတယ်။
"လူနာကို ဧပြီ ၉ ရက်နေ့ကတည်းက စောင့်ကြည့်အနေနဲ့ ခေါ်ထားတယ်လို့ သိရပါတယ်။ ညကပဲ သူ့ဇနီးသည်ကို Quarantine စောင့်ကြည့်ဖို့ ခေါ်သွားပါပြီ။ အတူနေမိသားစုအနေနဲ့ကတော့ ဇနီးသည်တစ်ယောက်ပဲ ရှိပါတယ်။ လောလောဆယ်တော့ တာမွေမှာ တခြား Lock Down ချတာတွေ ဘာတွေ လုပ်ထားတာမျိုးတော့ မရှိပါဘူး" လို့ တာမွေမြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းမြင့်က Duwun ကို ပြောပါတယ်။
လက်ရှိမှာ ဒီကနေ့အထိ မြန်မာနိုင်ငံအတွင်း ရောဂါပိုးတွေ့ရှိသူ အယောက် ၁၅၀ ရှိနေပြီဖြစ်ကာ Pan Pacific ဟိုတယ်ဝန်ထမ်းအားဖြင့်တော့ ၁၁ ဦးရှိနေပြီဖြစ်ပါတယ်။ လူနာနံပါတ် ၇၉ ကနေစလို့ လူနာနံပါတ် ၉၂၊ ၉၃၊ ၁၃၃၊ ၁၃၄ ၊ ၁၃၅၊ ၁၃၆၊ ၁၃၇၊ ၁၃၉ ၊ ၁၄၂ နဲ့ ၁၄၇ (စုစုပေါင်း ၁၁ ဦး) က Pan Pacific ဟိုတယ်ဝန်ထမ်း များ ဖြစ်ကြောင်း သက်ဆိုင်ရာ မြို့နယ်လွှတ်တော်ကိုယ်စားလှယ်များက Duwun ကို အတည်ပြုပြောကြားခဲ့ပါတယ်။