လူနာဟာ ဆေးစစ်ချက် Negative အဖြေထွက်ခဲ့တာကြောင့် ဆေးရုံကနေ ဆင်းလာပြီး ဒလရဲ့ ကျူးကျော်ရပ်ကွက်က နေအိမ်တစ်အိမ်မှာ နေနေတယ်လို့ သိရပါတယ်။ ထုတ်ပြန်ချက်ကြေညာပြီးကတည်းက အင်းစိန်မြို့နယ်ဌာနဆိုင်ရာတာဝန်ရှိသူတွေ လူနာနံပါတ် ၁၆၁ ကို လိုက်လံရှာဖွေရာမှာတော့ ဒလမြို့က ကျူးကျော်ရပ်ကွက်မှာ သွားတွေ့ခဲ့ရတယ်လို့ အင်းစိန်မြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးသာအောင်က Duwun ကို ပြောပါတယ်။
မေလ ၄ ရက်နေ့ ည ၈ နာရီအချိန်က ကျန်းမာရေး နှင့်အားကစားဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်မှာ ပါဝင်တဲ့ စုံစမ်းစစ်ဆေးဆဲ အသက် ၆၂ နှစ်အရွယ် လူနာနံပါတ် ၁၆၁ ဟာ အင်းစိန်မြို့နယ်က မဟုတ်ဘဲ ဒလမြို့နယ် ရာဇသင်္ကြန်ရပ်ကွက်၊မြို့ပတ်လမ်းက ကွမ်းယာဆေးလိပ်ရောင်းသူ ဦးနိုင်လင်းဆိုသူထံမှာ ကပ်နေနေရတဲ့ အဘိုးအိုတစ်ယောက်ဖြစ်တယ်လို့ သိရပါတယ်။ လူနာဟာ ဆေးရုံကနေ အတည်ပြုလူနာလို့ မကြေညာခင်ကတည်းက ဆင်းသွားခဲ့တာဖြစ်တယ်လို့လည်း သိရပါတယ်။
"ကေ့စ် နံပါတ် ၁၆၁ က ကျွန်တော်တို့ မနည်းရှာခဲ့ရတယ်၊ မနေ့က ည သန်းခေါင်ကျော်မှ ရှာတွေ့တယ်၊ အဲဒီလူက အင်းစိန်ကလူမဟုတ်ဘူး။ ဒလက ၊ သူနဲ့ ထိတွေ့ခဲ့သူက ဘယ်သူတွေဆိုတာ ဘယ်လိုမှ ရှာလို့မရသေးဘူး၊ ဆေးရုံမှာ မရှိလို့ ခက်နေတာပေါ့၊ လူနာက ဆေးရုံမှာ မရှိဘဲ အပြင်ရောက်နေတယ်။ ဟိုး ဒလက ကျူးကျော်ရပ်ကွက် က လူတစ်ယောက် ဆီမှာ ကပ်နေတာ။ အိမ်ပိုင်ကို မရှိဘူး။" လို့ အင်းစိန်မြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးသာအောင်က Duwun ကို ပြောပါတယ်။
လူနာဟာ နှစ် ၂၀ လောက်က အင်းစိန်မှာ နေခဲ့သူဖြစ်တာကြောင့် သံသယလူနာအဖြစ် စောင့်ကြည့်ခံရချိန်မှာ အဲဒီလိပ်စာကို ပေးခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
"သူက ဒလမြို့နယ် ကျူးကျော်ဘက်က လူတစ်ယောက်ရဲ့ အိမ်မှာ နေတဲ့သူဗျ၊ နှစ် ၂၀ လောက်ကတော့ အင်းစိန်မှာ နေခဲ့တာတဲ့၊ အဲဒီလိပ်စာကို သူက ပေးခဲ့တာ။ ဒလကနေ သံသယလူနာအဖြစ် တောင်ဥက္ကလာ ဆေးရုံမှာ Quarantine နေထိုင်ချိန် စစ်ဆေးတာတော့ Negative ပြတာပဲ ၊ နောက်ထပ် ထပ်စစ်ဆေးလိုက်တော့မှ Positive ပြတယ်လို့ ပြောတယ်။ အင်းစိန်မြို့က လူမဟုတ်ဘူးဆိုတာ သေချာတယ်။ " လို့ သူကဆက်ပြောပါတယ်။
လက်ရှိအချိန်မှာ လူနာနံပါတ် ၁၆၁ ကို ဘယ်လို ဆက်ဆောင်ရွက်ထားသလဲဆိုတာကိုတော့ အပိုင်မြို့နယ်က မဟုတ်တဲ့အတွက် မသိဘူးလို့ သူကပြောပါတယ်။ လူနာနဲ့ပတ်သက်ပြီး ဒလမြို့နယ် လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ ကျန်းမာရေးဦးစီးဌာနကို ဆက်သွယ်မေးမြန်းဖို့ ကြိုးစားခဲ့ပေမယ့်လည်း ဆက်သွယ်လို့ မရခဲ့ပါဘူး။ လက်ရှိအချိန်ထိ မြန်မာနိုင်ငံမှာ ရောဂါပိုးတွေ့ရှိသူ ၁၆၁ဦးရှိလာပြီး သေဆုံးသူ ၆ဦး ၊ ပြန်လည်ကောင်းမွန်သူ ၄၉ ဦးနဲ့ ဆေးရုံကနေ ဆင်းခွင့်ရသူဟာ ၂၉ ဦးထိရှိလာပြီ ဖြစ်ပါတယ်။