လူနာနံပါတ် ၁၅၁ နဲ့ အဆောင်အတူနေခဲ့လို့ Quarantine ဝင်ခဲ့ရာမှာ ရောဂါပိုးတွေ့ရှိခဲ့ပြီး လက်ရှိမှာ ကွယ်ကဘော ဆေးရုံက ကူးစက်ခံရသူ ၄ဦးထိရှိလာခဲ့ပါပြီ။
လူနာနံပါတ် ၁၅၁ ဖြစ်တဲ့ ပုဂ္ဂလိကကျောင်းဆရာမနဲ့အဆောင်အတူနေသူ ၆ ဦးထဲက ရောဂါပိုးကူးစက်ခံရသူ ၄ ဦးထိရှိလာခဲ့ပါပြီ။
သူတို့ ၄ဦးကတော့ အင်းစိန်မြို့နယ် ကွယ်ကဘောဆေးရုံမှာ တာဝန်ထမ်းဆောင်နေကြတဲ့ သူနာပြုတွေဖြစ်ကြပြီး လူနာနံပါတ် ၁၅၂၊၁၅၃၊၁၅၄နဲ့ ၁၅၇တို့ ဖြစ်ကြပါတယ်။
လူနာနံပါတ် ၁၅၂၊၁၅၃နဲ့၁၅၄တို့ကိုတော့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနကမေလ ၃ရက်နေ့တုန်းက ပိုးတွေ့လူနာတွေအဖြစ် ထုတ်ပြန်ကြေညာခဲ့ပြီး လူနာနံပါတ် ၁၅၇ကိုတော့ မနေ့က(မေလ ၄)ထုတ်ပြန်ကြေညာ ခဲ့တာပါ။
“လူနာနံပါတ် ၁၅၇ကလည်း ကွယ်ကဘောဆေးရုံကပါပဲ။အခုဆိုရင် ကွယ်ကဘောဆေးရုံက ကူးစက်ခံရသူ ၄ဦးထိ ရှိလာခဲ့ပါပြီ။”လို့ အင်းစိန်မြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးသာအောင်က Duwunကိုပြောပါတယ်။
မနေ့ညက ထုတ်ပြန်ကြေညာတဲ့ပိုးတွေ့လူနာစာရင်းမှာ အင်းစိန်မြို့နယ်က ၂ဦးပါဝင်ခဲ့ပေမယ့် အသက် ၆၂နှစ်အ ရွယ် အမျိုးသားကြီးကတော့ အမှန်တကယ် အင်းစိန်မြို့နယ်မှာနေထိုင်သူမဟုတ်ပဲ ဒလမြို့မှာ နေထိုင်သူသာ ဖြစ် တယ်လို့လည်း ဦးသာအောင်က ဆက်လက်ပြောပါတယ်။
“လူနာနံပါတ် ၁၆၁ ကတော့ အင်းစိန်က မဟုတ်ပါဘူး။သူက အင်းစိန်မှာ နှစ် ၂၀ လောက်နေခဲ့ဖူးတော့ ဆေးရုံ တက်ရချိန်မှာ အင်းစိန်မြို့နယ်လို့ စာရင်းပေးထားခဲ့တာပါ။အမှန်တကယ်တော့ သူက လက်ရှိ ဒလမှာနေသူပါ။” လို့ ဦးသာအောင်က ပြောပါတယ်။
လက်ရှိ မြန်မာနိုင်ငံမှာ ရောဂါပိုးတွေ့ရှိသူ ၁၆၁ ဦးရှိလာတဲ့အနက် နှစ်ကြိမ်ဆက်တိုက် ရောဂါပိုးမတွေ့တော့သူ ၄၉ ဦးရှိပြီး ဆေးရုံကဆင်းခွင့်ရသူကတော့ ၂၉ဦးထိရှိနေခဲ့ပါပြီ။
ကမ္ဘာ့ကျန်းမာရေးအဖွဲ့ရဲ့ ထုတ်ပြန်ချက်အရ အတည်ပြုလူနာတွေကို ဓာတ်ခွဲပြန်လည်စစ်ဆေးရာမှာဆိုရင် နှစ်ကြိမ်ဆက်တိုက် Negative ပြခဲ့ရင် ရောဂါပိုးကင်းစင်သူလို့သတ်မှတ်နိုင်တာလည်းဖြစ်ပါတယ်။
ဒါကြောင့် ရောဂါပိုးပျောက်ကင်းသူက ၄၉ ဦး ရှိလာခဲ့ပြီး ဒီကြားထဲမှာသေဆုံးသွားသူကတော့ ၆ ဦး ရှိပါတယ်။
Share