စစ်တွေမြို့နယ်က လူနာနံပါတ် -၃၇၈ ရဲ့ ဆွေမျိုးအပါအဝင် ဆက်စပ်သူ (၁၅)ဦးကို လှိုင်မြို့နယ်ရှိ စစ်ကြောရေးနဲ့ တည်းခိုစခန်းမှာ ကွာရန်တင်းထားလိုက်ပြီလို့ တိုင်းဒေသကြီး (၂) လွှတ်တော်ကိုယ်စားလှယ် ဦးမြင့်လွင်က Duwun ကိုပြောပါတယ်။
စစ်တွေမြို့နယ်က ပိုးတွေ့လူနာနံပါတ် ၃၇၈ ရဲ့ ဆွေမျိုးအပါအဝင် ဆက်စပ်သူ များကို ဒီနေ့ နံနက်ပိုင်းတွင်မြောက်ဥက္ကလာပ မြို့နယ် ခေမာကျောင်းလမ်းမှ ကွာရန်တင်း စင်တာသို့ ပို့ဆောင်ခဲ့ပြီး ကျန်းမာရေး စစ်ဆေးမှုများ လုပ်ဆောင်သွားမှာ ဖြစ်တယ်လို့ တိုင်းဒေသကြီး (၂) လွှတ်တော်ကိုယ်စားလှယ် ဦးမြင့်လွင်က Duwun ကိုပြောပါတယ်။
“ ဒီနေ့မနက်တွေ့တဲ့ လူတွေက ပိုးတွေ့လူနာ ၃၇၈ရဲ့ ဆွေမျိုးတွေ ဖြစ်တယ်လို့ သိရပါတယ်။သူတို့က ရန်ကုန်မှာ ဆေးလာကုကြတာလို့ပြောတယ်။ လက်ရှိ သူတို့ကို လှိုင်မြို့နယ်ရှိ စစ်ကြောရေး ကွာရန်တင်းစင်တာမှာထားရှိပြီး စောင့်ကြည့်ရမှာပေ့ါ။ နေအိမ်ကိုတော့ ဘာမှ မလုပ်ထားသေးပါဘူး။ အခုလက်ရှိကတော့ စောင့်ကြည့်နေရမှာပါ” လို့ သူက ဆိုပါတယ်။
လူနာအမှတ် ၃၇၈ ဟာ စစ်တွေမြို့ရှိ CB ဘဏ်တစ်ခုမှ ဝန်ထမ်းတစ်ဦးရဲ့ မိခင်ဖြစ်ပြီး သူဟာ ပြည်ပခရီးသွားရာဇဝင်မရှိ၊ အတည်ပြုလူနာများနဲ့ ထိတွေ့မှုမရှိဘဲ သြဂုတ်လ၁၉ ရက်နေ့မှာ ကိုဗစ် ၁၉ ရောဂါပိုးတွေ့ရှိခဲ့တဲ့ လူနာဖြစ်ပါတယ်။
ပြည်တွင်းကူးစက်မှုလို့ခေါ်တဲ့ ပြည်ပခရီးသွားရာဇဝင်မရှိသူများမှာ ရောဂါပိုးတွေ့ရှိမှု မြန်မာနိုင်ငံမှာ ရပ်တန့်သွားခဲ့တာ တစ်လတိတိအကြာ သြဂုတ်လ ၁၆ ရက်မှာ ပြည်တွင်းကူးစက်လူနာအဖြစ် လူနာအမှတ် ၃၇၅ ကို စတင်တွေ့ရှိပြီးနောက် ဒီကနေ့ (သြဂုတ်လ ၂၀ ရက်) နံနက်ပိုင်းအထိ ပြည်တွင်းကူးစက်လူနာ စုစုပေါင်း ၆ ဦးတွေ့ရှိထားပါတယ်။