COVID-19 ဓာတ်ခွဲအတည်ပြုလူနာ နံပါတ် ၈ ဧည့်လမ်းညွှန်အမျိုးသမီးဟာ ရောဂါလက္ခဏာ မပေါ်ပေါက်မီ မတ်လ ၂၂ ရက်က ရန်ကုန်မြို့တွင်း ဗိုလ်ချုပ်ဈေး၊ တရုတ်တန်း၊ပန်းဆိုးတန်းနဲ့ ရွှေတိဂုံဘုရားတို့ကို သွားရောက်ခဲ့တယ်လို့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။
လက်ရှိမှာ လူနာနံပါတ် ၈ အမျိုးသမီး ဧည့်လမ်းညွှန်လုပ်ပေးခဲ့တဲ့ ပြင်သစ်နိုင်ငံသား (၃) ဦးမှာလည်း ရောဂါပိုးတွေ့ရှိခဲ့ပြီး ရောဂါလက္ခဏာတစ်စုံတစ်ရာ မတွေ့ရှိသေးဘူးလို့ ဒီနေ့မတ်လ ၃၀ ရက် ည ၇ နာရီခွဲထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
အဆိုပါ အမျိုးသမီးဟာ လွန်ခဲ့တဲ့ ၁၄ ရက်အတွင်းပြည်ပခရီးသွားရာဇဝင်မရှိခဲ့ပေမယ့် မတ်လ ၁၄ ရက်ကနေ မတ်လ ၂၂ ရက်နေ့အထိ ပြင်သစ်နိုင်ငံသား (၁၁) ဦးနဲ့ အတူ ခရီးသွားလာခဲ့ပြီး မတ်လ ၂၅ ရက်မှာ ဖျားနာချောင်းဆိုး၊ အန်ခြင်းလက္ခဏာတွေ ခံစားခဲ့ရလို့ ရန်ကုန်ဆေးရုံကြီးမှာ ပြသပြီးစစ်ဆေးခဲ့ရာ ရောဂါပိုးရှိကြောင်း တွေ့ရှိခဲ့တာပါ။
ဧည့်လမ်းညွန်ခရီးစဉ်အတွင်း ပြင်သစ်နိုင်ငံသားတွေနဲ့ အတူ မန္တလေး၊မုံရွာ၊စစ်ကိုင်း၊ပုဂံနဲ့ ကလောမြို့တို့ကိုလည်း သွားရောက်လည်ပတ်ခဲ့တယ်လို့သိရပါတယ်။
ရောဂါပိုးတွေ့ရှိသူ ဧည့်လမ်းညွန်အမျိုးသမီးမှာ အသက် ၆၀ အရွယ်ရှိပြီး လက်ရှိဝေဘာဂီဆေးရုံမှာ ကုသမှုခံယူနေရာ ရောဂါအခြေအနေမကောင်းဘူးလို့လည်း ရန်ကုန်တိုင်းပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာထွန်းမြင့်က ပြောကြားထားပါတယ်။
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်အရ လက်ရှိ မြန်မာနိုင်ငံမှာ COVID-19 Positive လူနာ (၁၄) ဦးတွေ့ရှိခဲ့တဲ့အနက် (၄) ဦးမှာ ရောဂါပိုးရှိသူတွေနဲ့ ထိတွေ့ဆက်ဆံခဲ့တဲ့သူတွေ ဖြစ်ကြောင်းသိရပါတယ်။