လူနာဟာကင်ဆာရောဂါအခံရှိသူလည်းဖြစ်ပါတယ်။

မင်္ဂလာတောင်ညွှန်မြို့နယ်က အသက် ၆၉ နှစ်အရွယ် လူနာနံပတ် ၅ သေဆုံးရတာဟာ COVID-19 ကြောင့်အပြင် နှာခေါင်းကင်ဆာ၊ လတ်တလောအသက်ရှူလမ်းကြောင်း ပိုးဝင်ပြီး သွေးဆိပ်တက်ခြင်းတို့ကြောင့် သေဆုံးခဲ့ရတာဖြစ်တယ်လို့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။

Photo- လူနာရဲ့ နေအိမ်ကို Lock Down ပြုလုပ်ထားတဲ့အခြေအနေကိုမြင်တွေ့ရစဉ်။



အဆိုပါလူနာဟာ အသက်အရွယ်ကြီးရင့်ခြင်း၊ကင်ဆာရောဂါအခံရှိခြင်းနဲ့ ကင်ဆာရောဂါအတွက် ဓာတ်ရောင်ခြည်ကုသမှုယူခဲ့တာကြောင့် ခုခံအားကျဆင်းနေတဲ့အချက်ကြောင့် COVID-19 ပိုမိုပြင်းထန်လာပြီး အသက်သေဆုံးရတာလို့ ဆိုပါတယ်။

လူနာဟာ နှာခေါင်းကင်ဆာ ခံစားနေရတာ နှစ်နှစ်ခန့်ရှိနေပြီဖြစ်ပြီး သြစတြေးလျကို သွားရောက်ပြီး ဆေးကုသမူခံယူလေ့ရှိသူလည်းဖြစ်ပါတယ်။

ပြီးခဲ့တဲ့ မတ်လ ၁၀ ရက်က သြစတြေးလျနိုင်ငံကနေ စင်ကာပူကို ပြန်လာပြီး စင်ကာပူမှာ ၄ ရက်ကြာနေထိုင်ပြီးနောက် မြန်မာနိုင်ငံကို ပြန်လည်ဝင်ရောက်လာခဲ့တာပါ။

အဲဒီနောက် ဖျားနာချောင်းဆိုးဝေဒနာတွေခံစားခဲ့ရလို့ စစ်ဆေးရာမှာ COVID-19 ရောဂါပိုးတွေ့ရှိခဲ့ပြီး ဝေဘာဂီဆေးရုံ အထူးကြပ်မတ်ကုသဆောင်မှာကုသမှုခံယူနေရင်း ဒီကနေ့ မတ်လ ၃၁ ရက်မနက်ပိုင်းမှာ သေဆုံးသွားခဲ့တာဖြစ်ပါတယ်။

လက်ရှိမှာ အဆိုပါ လူနာ နံပတ်၅ နဲ့ အနီးကပ်ထိတွေ့ခဲ့သူ အမျိုးသားတစ်ဦးမှာလည်း ရောဂါပိုးကူးစက်ခံထားရပြီးဝေဘာဂီဆေးရုံမှာ စောင့်ကြည့်ကုသနေဆဲဖြစ်ပါတယ်။

လက်ရှိ နိုင်ငံတွင်းမှာ COVID-19 Positive လူနာ ၁၄ ဦးရှိပြီး လူနာ နံပတ် ၅ ဟာ မြန်မာနိုင်ငံတွင်း Positive လူနာတွေထဲက ပထမဆုံးသေဆုံးသူလည်းဖြစ်ပါတယ်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ရဲ့ထုတ်ပြန်ချက်အရ ရောဂါဖြစ်ပွားသူ ၁၀၀ ဦးမှာ ၅ ဦးခန့်က သေဆုံးနိုင်တယ်လို့သိရပြီး အသက်အရွယ်ကြီးသူတွေ၊ကင်ဆာရောဂါ၊ဆီးချိုရောဂါ၊ သွေးတိုး၊နှလုံးရောဂါ၊ အသည်းရောဂါ၊ကျောက်ကပ်ရောဂါစတဲ့ နာတာရှည်ရောဂါအခံရှိသူတွေ၊ စတီးရှိုက်ဆေး ရေရှည်သောက်သုံးနေရသူတွေနဲ့ ခုခံအားကျဆင်းမှု ရောဂါရှိသူတွေမှာ ရောဂါပြင်းထန်ပြီး အသက်သေဆုံးနိုင်တယ်လို့လည်း သိရပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က