ဆေးခြောက်ကို ဥပဒေအရ တရားမဝင်ကြောင်း သတ်မှတ်ထားဆဲဖြစ်တဲ့ ဘရာဇီးမှာ ဆေးခြောက်ပင်စိုက်ရန် မလွယ်ကူလှပါဘူး

လျှပ်စစ်ဓာတ်လွှတ်ထားတဲ့ ခြံစည်းရိုးကာရံထားပြီး ကောင်းမွန်စွာ ရှင်သန်ဖြစ်ထွန်းနေတဲ့ ဆေးခြောက်စိုက်ခင်းတစ်ခုကို ဘရာဇီးနိုင်ငံ ရီယိုဒီဂျနေရိုမြို့အပြင်ဘက် တောင်တန်းဒေသမှာ တွေ့မြင်နိုင်ပါတယ်။

(ရီယိုဒီဂျနေရိုမြို့အပြင်ဘက်ရှိ ဆေးခြောက်စိုက်ခင်း) (Photo: Carl de Souza/AFP)

ဒါပေမဲ့ ဒီဆေးခြောက်စိုက်ခင်းက မူးယစ်ဆေးဝါးရောင်းဝယ်ရေးအတွက်တော့ မဟုတ်ပါဘူး။ ဘရာဇီး NGO တစ်ခုက ပိုင်ဆိုင်ထားတဲ့ ဒီစိုက်ခင်းဟာ ရောဂါဝေဒနာခံစားနေရသူ လူနာတွေကို ကုသရာမှာ အကူအညီဖြစ်စေရန် ရည်ရွယ်စိုက်ပျိုးထားတဲ့ ဆေးဘက်ဆိုင်ရာသုံး ဆေးခြောက်ထုတ်လုပ်ရေးအတွက် ဖြစ်ပါတယ်။



ရှေ့နေတစ်ဦးဖြစ်သူ မာဂရတ်ဘရီတို (Margarete Brito) ဟာ ယခုအခါ အသက် ၁၂ နှစ်အရွယ်ဖြစ်သူ သူမရဲ့သမီး ဆိုဖီယာ (Sofia) ရဲ့ အတက်ရောဂါ သက်သာစေရန် လွန်ခဲ့တဲ့နှစ်များအကြာမှစပြီး ဆေးခြောက်ပင်ကို ပထမဆုံး စတင်စိုက်ပျိုးခဲ့ပါတယ်။ သမီးဖြစ်သူရဲ့ အခြေအနေ တိုးတက်လာတာကို တွေ့ရပြီးနောက်မှာတော့ ဘရီတိုက သူမရဲ့သမီးကဲ့သို့ ရောဂါဝေဒနာခံစားနေရတဲ့ တခြား လူနာတွေကိုလည်း ဆေးခြောက်သုံးပြီး ကူညီကုသပေးရန် ဆုံးဖြတ်ခဲ့ပါတယ်။

(Apepi တည်ထောင်သူ ဘရီတို) (Photo: Mauro Pimentel/AFP)

ထို့နောက် သူမက Medical Cannabis Research and Patient Support Association သို့မဟုတ် Apepi အမည်ရှိ အဖွဲ့အစည်းတစ်ခုကို တည်ထောင်ခဲ့ပါတယ်။ Apepi အဖွဲ့က ဆေးခြောက်ကနေ ထုတ်လုပ်ထားတဲ့အဆီသုံးပြီး ဘရီတိုရဲ့သမီးကဲ့သို့ ရောဂါအခြေအနေရှိ လူနာတွေကို ကူညီပေးနေပါတယ်။

ဥပဒေမှာ ရေးသားထားတဲ့အတိုင်းသာဆိုရင် ကျွန်မတို့ ဒါကိုလုပ်ဖို့ ဘာခွင့်ပြုချက်မှ ရမှာမဟုတ်ပါဘူး

ဒီအလုပ်ဟာ ဆေးခြောက်ကို ဥပဒေအရ တရားမဝင်ကြောင်း သတ်မှတ်ထားဆဲဖြစ်တဲ့ ဘရာဇီးမှာ ဘရီတိုနဲ့ သူမရဲ့အဖွဲ့အစည်းအတွက် မလွယ်ကူလှဘဲ များစွာအားထုတ်ရတယ်လို့ ဆိုပါတယ်။ "ဥပဒေမှာ ရေးသားထားတဲ့အတိုင်းသာဆိုရင် ကျွန်မတို့ ဒါကိုလုပ်ဖို့ ဘာခွင့်ပြုချက်မှ ရမှာမဟုတ်ပါဘူး" လို့ ဘရီတိုက AFP သတင်းဌာနကို ပြောပါတယ်။

(ဆေးခြောက်အဆီပုလင်းများ) (Photo: Mauro Pimentel/AFP)

ဒါပေမဲ့ ၂၀၁၆ ခုနှစ်မှာတော့ ဘရီတိုနဲ့ သူမရဲ့ခင်ပွန်း မားကို့စ်လန်ဂျန်ဘက်ဂျ်တို့ဟာ ဆေးဘက်ဆိုင်ရာသုံးအဖြစ် ရည်ရွယ်ပြီး ဆေးခြောက်စိုက်ပျိုးရန် တရားဝင်ခွင့်ပြုချက်ကို မကြုံစဖူး ရရှိခဲ့ကြပါတယ်။ ယနေ့မှာတော့ ရီယိုဒီဂျနေရိုမြို့ကနေ ကားဖြင့်သွားပါက နှစ်နာရီခန့်ကြာတဲ့ ဘရီတိုရဲ့ ဆေးခြောက်စိုက်ခင်းမှာ ဆေးခြောက်ပင် ၂,၀၀၀ စိုက်ပျိုးဖြစ်ထွန်းနေပြီး ပြင်းထန်တဲ့ autism, multiple sclerosis နဲ့ epilepsy ရောဂါခံစားနေရတဲ့ လူနာတွေကို ကုသရာမှာ ကူညီပေးနေပါတယ်။

ကျွန်မတို့က လူမှုအသိုင်းအဝိုင်းမှာ တရားဝင်မှုရှိပြီ၊ ဒါက ကျွန်မတို့ကို အကာအကွယ်ပေးတာပဲ

အစောပိုင်းမှာ သံသယရှိပြီး မထောက်ခံကြသူအချို့ရှိခဲ့ပေမဲ့ ယခုအခါမှာတော့ ကြိုးစားအားထုတ်မှုကို ဘရာဇီးမှာ အားပေးထောက်ခံနေကြပြီလို့ ဘရီတိုက ဆိုပါတယ်။ "ကျွန်မတို့က လူမှုအသိုင်းအဝိုင်းမှာ တရားဝင်မှုရှိပြီ၊ ဒါက ကျွန်မတို့ကို အကာအကွယ်ပေးတာပဲ" လို့ ဘရီတိုက ပြောပါတယ်။

(လူနာတစ်ဦးကို ‌ဆေးခြောက်အဆီ တိုက်ကျွေးနေစဥ်) (Photo: Carl de Souza/AFP)

ဘရီတို တည်ထောင်ထားတဲ့ Apepi အဖွဲ့အစည်းရဲ့ကျေးဇူးနဲ့ ဘရာဇီးမှာ သူမရဲ့သမီးကဲ့သို့ လူနာတွေအတွက် ၃၀ မီလီလီတာ ဆေးခြောက်အဆီတစ်ပုလင်းကို အမေရိကန်ဒေါ်လာ ၂၈ ဒေါ်လာဖြင့် ပိုမိုလွယ်ကူစွာ ဝယ်ယူနိုင်နေပြီ ဖြစ်ပါတယ်။ ပြည်ပကနေတင်သွင်းပါက ထိုပမာဏပါဝင်တဲ့ ဆေးခြောက်အဆီတစ်ပုလင်းကို ၁၁၃ ဒေါ်လာကနေ ၅၆၅ ဒေါ်လာ ကုန်ကျနိုင်တယ်လို့ ဆိုပါတယ်။ ယခုအခါ Apepi က လာမယ့်နှစ်မှစပြီး ဆေးခြောက်ပင် ၁၀,၀၀၀ တိုးချဲ့စိုက်ပျိုးရန် တရားရုံးဆုံးဖြတ်ချက်ကို စောင့်ဆိုင်းနေတယ်လို့ သိရပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က