ဒီကစားသမားအပေါ် ဝေဖန်ပြစ်တင်နေကြပါတယ်။

ချဲလ်ဆီးနောက်ခံလူ ဝက်စ်လေဖိုဖာနာဟာ မနေ့ညက ကစားခဲ့တဲ့ ဒိုင်နမိုဇာဂရက်နဲ့ ချန်ပီယံလိဂ်ပွဲစဥ်မှာပေးလိုက်ရတဲ့ဂိုးအတွက် ဝေဖန်ပြစ်တင်မှုတွေနဲ့ ရင်ဆိုင်နေရပါတယ်။ ဒီပွဲမှာ ချဲလ်ဆီးတို့ ပထမပိုင်းမှာ တန်ပြန်တိုက်စစ်ကတဆင့် ပေးလိုက်ရတဲ့ အော်ဆစ်ရဲ့ တလုံးတည်းသောသွင်းဂိုးကြောင့် ၁-၀ ဂိုးနဲ့ ရှုံးနိမ့်ခဲ့ရပါတယ်။ ဒီရှုံးပွဲအပြီးမှာပဲ ချဲလ်ဆီးက နည်းပြ တူဟယ်လ်ကို ရာထူးကနေ ထုတ်ပယ်လိုက်ပြီဖြစ်ပါတယ်။



ဒီပွဲမှာ ဖိုဖာနာက ချဲလ်ဆီးနောက်တန်းမှာ အက်ဇ်ပီလီကွီတာ၊ ကူလီဘလီတို့နဲ့ တွဲဖက်ပြီး ပွဲထွက်ခဲ့ပါတယ်။ ဒါပေမယ့် ဒိုင်နမိုဇာဂရက်ရဲ့ တချက်ကောင်း တန်ပြန်တိုက်စစ်ကြောင့်ပဲ ချဲလ်ဆီးတို့ ဂိုးပေးလိုက်ရပြီး တိုက်စစ်ကလည်း တဂိုးတောင်ပြန်မသွင်းနိုင်ဘဲ ရှုံးပွဲကြုံတွေ့ခဲ့ရတာပါ။ ပက်ကိုဗစ်က ကူလီဘလီနဲ့ ခေါင်းယှဥ်တိုက်ပြီး ချပေးလိုက်တဲ့ ဘောလုံးကို အော်ဆစ်က ကွင်းလယ်ကနေ ရင်ဘတ်နဲ့ တချက်ထိန်းပြီး ဆွဲပြေးသွားခဲ့ပါတယ်။

ဒီလိုမျိုး အော်ဆစ်ကို ဖိုဖာနာတယောက် ဘယ်လိုမှ မယှဥ်နိုင်ခဲ့ဘဲ အော်ဆစ်က ဂိုးသမား ကီပါနဲ့ တယောက်ချင်းအတွေ့မှာ အမှားအယွင်းမရှိ အဆုံးသတ် ကန်သွင်းယူခဲ့တာပါ။ အော်ဆစ်ရဲ့ ပြေးအားက ကောင်းမွန်ခဲ့သလို ဖိုဖာနာရဲ့ အားနည်းချက်ကလည်း ကြီးမားလွန်းခဲ့ပြီး ချဲလ်ဆီးပရိသတ်တွေကတော့ ဒီကစားသမားအပေါ်ကို ဒေါသပေါက်ကွဲနေကြပါတယ်။

ပရိသတ်တွေက “ဖိုဖာနာက ချန်ပီယံလိဂ်ကစားခွင့်ရဖို့ အိပ်မက်ခဲ့ပြီး အခုတော့ ဒိုင်နမိုဇာဂရက်ကစားသမားတွေက သူ့ကို အရေခွံချွတ်သွားပါပြီ” “ဖိုဖာနာအတွက် ပေါင်သန်း (၇၀) ပေးချေခဲ့တာလား။ သူ့ကိုကြည့်ရတာ လိဂ် (၂) က နောက်ခံလူတယောက် သူ့အဘိုးပြေးသလိုမျိုး ပြေးနေသလိုပါပဲ” “ဖိုဖာနာအတွက် ဘယ်လောက်တောင် ပေးလိုက်ကြတာလဲ။ သူက ပြေးတောင် မပြေးနိုင်ဘူး” လို့ ပြောကြားခဲ့ပါတယ်။

ပရိသတ်တယောက်ကတော့ “လက်စတာဘုတ်အဖွဲ့တဖွဲ့လုံးကို လိမ်လည်မှုနဲ့ ဖမ်းဆီးအရေးယူသင့်ပါတယ်” လို့လည်း ဒေါသပေါက်ကွဲနေကြတာဖြစ်ပါတယ်။ ဖိုဖာနာဟာ ပြီးခဲ့တဲ့ရာသီမှာ ခြေထောက်ကျိုးဒဏ်ရာကြောင့် အသင်းရဲ့ ပွဲစဥ်အများအပြားကို လွဲချော်ခဲ့ပြီး သူ့ကို ဆုံးရှုံးရတာက လီဗာပူးတို့ ဗန်ဒိုက်ချ်ကို ဆုံးရှုံးရသလိုမျိုးဖြစ်တယ်လို့ လက်စတာနည်းပြ ဘရန်ဒန်ရော်ဂျာစ်က ပြောကြားခဲ့ဖူးပါတယ်။ 

Share

Loading Next Article...
က္က