မန်ချက်စတာစီးတီးအတွက် ဒီရာသီအစောပိုင်းမှာပဲ ဂိုးပေါင်း ၂၀ အထိ သွင်းယူပေးထားပေမယ့် အာလင်ဟာလန်းဟာ အင်္ဂလန်ကို ရောက်လာကတည်းက အလွန်အမင်းချဲ့ကားပြောဆိုခံနေရတယ်လို့ ပေါလ်မာဆွန်က သုံးသပ်လိုက်ပါတယ်။ ပရီးမီးယားလိဂ်ရွှေဖိနပ်ဆုကို ရယူနိုင်ဖို့ ရေပန်းစားနေတဲ့ ဟာလန်းဟာ အနီးကပ်ပြိုင်ဘက် ဟယ်ရီကိန်းထက် ၆ ဂိုးအထိ ပိုမိုသွင်းယူထားကာ ဒီရာသီမှာ လီဗာပူးလ်နဲ့ ဘုန်းမောက်တို့ကိုသာ ဂိုးမသွင်းနိုင်သေးတာဖြစ်ပါတယ်။
မယုံကြည်နိုင်ဖွယ်ရာခြေစွမ်းတွေကို ဟာလန်းက ပြသနေပေမယ့် ပေါလ်မာဆွန်ကတော့ နော်ဝေတိုက်စစ်မှူးအပေါ်မှာ အပြည့်အ၀ယုံကြည်မှုမရှိသေးဘဲ ဒီကစားသမားရဲ့ အရည်အချင်းက အကန့်အသတ်နဲ့သာရှိတယ်လို့ ပြောဆိုခဲ့ပါတယ်။ အင်္ဂလန် လိဂ်-၂ မှာ ကစားမယ်ဆိုရင်တောင် ဒီလိုလုပ်နိုင်မှာမဟုတ်ဘူးလို့လည်း သူက ထပ်ပြောခဲ့ပြီး ဂိုးရဖို့အတွက် ရုန်းကန်နေရလိမ့်မယ်လို့ မာဆွန်က ဆိုခဲ့တာပါ။
"မန်စီးတီးက ချန်ပီယံလိဂ်ဖလားကို လိုချင်နေပါလိမ့်မယ်၊ စနေနေ့ ညနေ ၃ နာရီမှာ ဘရိုက်တန်နဲ့ သူတို့ကစားရမယ်၊ ပြီးတော့ ချန်ပီယံလိဂ်မှာ ရီးရဲလ်၊ ဘိုင်ယန်၊ ပီအက်စ်ဂျီတို့နဲ့ ဆီမီးပွဲကန်ဖို့ရှိတယ်ဆိုပါစို့၊ ဥရောပပွဲကိုပဲ အာရုံစိုက်မှာပါ၊ နောက်ဆုံး ၅ နှစ်မှာ သူတို့က ၄ ကြိမ် အမှတ်ပေးဖလားရခဲ့ပြီးပါပြီ၊ ကမ္ဘာ့ဖလားကန်တော့မယ်ဆိုရင် ဟာလန်းက ၆ ပတ်လောက် ကစားရတော့မှာမဟုတ်ပါဘူး၊ သူ့အတွက် service လိုအပ်လာတော့မှာပါ"
"လူတိုင်းက သူ ဘယ်လောက်ထူးချွန်ပြီး ကောင်းလဲ၊ သူ့ရဲ့ လှုပ်ရှားမှုတွေက ဘယ်လောက်ထိ အစွမ်းထက်လဲဆိုတာကို ပြောနေကြပေမယ့် သူ ဘောလုံးမရရင် သူ့လှုပ်ရှားပုံဘယ်လောက်ကောင်းကောင်း ဘာမှဖြစ်မလာပါဘူး၊ လိဂ်-၂ မှာတောင်မှ သူ ဂိုး ၆၀ ရမှာမဟုတ်ပါဘူး၊ လိဂ်-၂ က ဝါဆောမှာ ကျနော်နည်းပြလုပ်ခဲ့ဖူးပါတယ်" လို့ ပေါလ်မာဆွန်က ပြောဆိုခဲ့ပါတယ်။
မာဆွန်ကတော့ ဝါဆောနည်းပြအဖြစ် ၂ နှစ်ကြာတာဝန်ယူခဲ့သူဖြစ်ပြီး ချန်ပီယံရှစ်နဲ့ လိဂ်-၁ တွေမှာ အသင်းကို ဦးဆောင်ပေးခဲ့ဖူးပါတယ်။ လက်ရှိမှာတော့ ဝေဖန်သုံးသပ်သူနဲ့ ဘောလုံးပွဲခန့်မှန်းသူအဖြစ် တာဝန်ယူထားတာဖြစ်ပါတယ်။