ချန်ပီယံလိဂ်ဝင်ခွင့်အတွက် အမှားမခံတော့တဲ့ အာဆင်နယ်က ဒီပွဲမှာ အင်ပြည့်အားပြည့်နဲ့ပွဲထွက်လာခဲ့ပြီး ပွဲကစားချိန် အများစုကိုလည်း တယောက်အသာနဲ့ ဦးဆောင်နိုင်ခဲ့ပါတယ်။ အာဆင်နယ်က ဒီပွဲမှာ အန်ကီတီယာ၊ မာတီနယ်လီ၊ ဆာကာ၊ အိုဒီဂတ်၊ ချာကာ၊ ဟိုးလ်ဒင်း၊ ဂါဘရီယ်လ်၊ တိုမီယာဆုတို့နဲ့ လူစုံတက်စုံပွဲထွက်လာခဲ့ပါတယ်။
လိဒ်စ်ကလည်း အမှတ်မလိုတော့ပေမယ့် သူတို့ရဲ့ အကောင်းဆုံးလူစာရင်းကို တတ်နိုင်သလောက် ပွဲထုတ်ခဲ့ပါတယ်။ ဟာရီဆန်၊ ဒန်နီယဲယ်ဂျိမ်းစ်၊ ရာဖင်ဟာ၊ ကဲလ်ဗင်ဖီးလစ်၊ လော်ရန်တေး၊ အေလင်းတို့ ပွဲထွက်ခဲ့ပါတယ်။ ဒါပေမယ့် ပွဲကစားချိန် (၁၀) မိနစ်မပြည့်ခင်မှာတင် အာဆင်နယ်တို့ နှစ်ဂိုးပြတ်နဲ့ ဦးဆောင်နိုင်ခဲ့ပါတယ်။
ဂိုးသမား မာဆလီယာရဲ့ အမှားကတဆင့် အန်ကီတီယာက အသင်းအတွက် ဦးဆောင်ဂိုးသွင်းယူပေးနိုင်ခဲ့သလို ပွဲကစားချိန် (၉) မိနစ်မှာလည်း အန်ကီတီယာကပဲ မာတီနယ်လီရဲ့ ပေးပို့မှုကတဆင့် အာဆင်နယ်အတွက် ဒုတိယမြောက်ဂိုးကို သွင်းယူပေးနိုင်ခဲ့ပါတယ်။
လိဒ်စ်အတွက် ပိုဆိုးသွားတာက ပွဲကစားချိန် (၂၄) မိနစ်မှာတင် နောက်ခံလူ အေလင်း မာတီနယ်လီကို ဖျက်ထုတ်ပုံကြမ်းတာကြောင့် တိုက်ရိုက်အနီကတ်နဲ့ အထုတ်ခံခဲ့ရပါတယ်။ အဲ့ဒါကြောင့်လည်း တိုက်စစ်က ဂဲလ်ဟာ့တ်ကိုထုတ်ပြီး စထရူရစ်ချ်ကို ထည့်သွင်းကစားခဲ့ပါတယ်။
ပထမပိုင်းမှာတော့ အာဆင်နယ်တို့ အန်ကီတီယာရဲ့ သွင်းဂိုးနှစ်ဂိုးနဲ့ပဲ ဦးဆောင်ခဲ့ပြီး ဒုတိယပိုင်းစပြီး သိပ်မကြာခင်မှာပဲ လိဒ်စ်တို့ ချေပဂိုးတဂိုးရရှိခဲ့ပါတယ်။ ဖာပိုဆီကတဆင့် ပြန်လျှံထွက်လာတဲ့ဘောလုံးကို လော်ရန်တေးက လွတ်လွတ်ကျွတ်ကျွတ် ပိတ်သွင်းခဲ့တာဖြစ်ပါတယ်။
အာဆင်နယ်အနေနဲ့ ဒီပွဲမှာ ပွဲကစားချိန်အများစုကို တယောက်အသာနဲ့ ကစားခွင့်ရရှိခဲ့ပြီး ဂိုးပေါက်ကန်သွင်းခွင့်အသာ၊ အခွင့်အရေးရရှိမှုအသာနဲ့ ကစားနိုင်ခဲ့ပါတယ်။ ဒါပေမယ့် လိဒ်စ်ရဲ့ တကြိမ်တည်းသော အခွင့်အရေးကို ခွင့်ပြုလိုက်ရပြီး တဂိုးအသာနဲ့သာ အနိုင်ရရှိခဲ့တာဖြစ်ပါတယ်။ တချိန်တည်းကစားခဲ့တဲ့ပွဲတွေမှာတော့ တန်းဆင်းဇုန် ဖိအားရှိနေတဲ့ အဲဗာတန်က လက်စတာကို အဝေးကွင်းမှာ ၁-၂ ဂိုးနဲ့ အနိုင်ရရှိခဲ့ပြီး ဝက်စ်ဟမ်းကတော့ တန်းဆင်းပြီးသား နော့ဝစ်ချ်ကို လေးဂိုးပြတ်နဲ့ အနိုင်ရရှိခဲ့ပါတယ်။ အာဆင်နယ်က ဒီနိုင်ပွဲကြောင့် စပါးကို လေးမှတ်ဖြတ်နိုင်ခဲ့ပြီး ချန်ပီယံလိဂ်ဝင်ခွင့်အတွက် တော်တော်လေး အခြေအနေကောင်းသွားခဲ့ပြီဖြစ်ပါတယ်။