စနေနေ့ရဲ့ ပရီးမီးယားလိဂ်အစောဆုံးပွဲဖြစ်တဲ့ လိဒ်ယူနိုက်တက်နဲ့ နယူးကာဆယ်ယူနိုက်တက်ပွဲကတော့ ပင်နယ်တီ ၃ ကြိမ်၊ သွင်းဂိုးတွေ အပြန်အလှန်နဲ့ အကြိတ်အနယ်ရှိခဲ့ပါတယ်။ တန်းဆင်းရမယ့်အရေးရင်ဆိုင်နေရတဲ့ လိဒ်ယူနိုက်တက်၊ ချန်ပီယံလိဂ်ဝင်ခွင့်အတွက် အမှတ်လိုနေတဲ့ နယူးကာဆယ်တို့က တိုက်စစ်ကိုဖွင့်ကစားခဲ့ပြီး အနိုင်ရဖို့ အပြိုင်အားထုတ်ခဲ့တာမို့ ကြည့်ကောင်းတဲ့ ပွဲတပွဲဖြစ်ခဲ့ပါတယ်။
အိမ်ရှင်လိဒ်ယူနိုက်တက်က ပွဲချိန်အစောပိုင်းမှာပဲ ဦးဆောင်ဂိုးသွင်းကာ အဖွင့်ကောင်းခဲ့ပါတယ်။ ဂိုးရပြီးနောက်မှာလည်း ပင်နယ်တီကန်သွင်းခွင့် ထပ်ရခဲ့ပြီး ဘမ်းဖို့ဒ်လွဲချော်ခဲ့လို့ နစ်နာခဲ့ရပါတယ်။ သူ လွဲချော်ပြီး သိပ်မကြာခင်မှာပဲ နယူးကာဆယ်က ပင်နယ်တီပြန်ရခဲ့ပြီး ကော်လမ်ဝီလ်ဆင်က အပိုင်ကန်သွင်းကာ ကာဆယ်အတွက် ချေပခဲ့ပါတယ်။
ဒုတိယပိုင်းမှာလည်း ကာဆယ်က ပင်နယ်တီထပ်ရခဲ့ပြီး ကော်လမ်ဝီလ်ဆင်ကပဲ ကန်သွင်းခဲ့လို့ နယူးကာဆယ်တို့ ဦးဆောင်ခဲ့ပါတယ်။ ဒါပေမယ့် လိဒ်ယူနိုက်တက်ကလည်း အမှတ်ရသလောက်ယူထားဖို့ လိုအပ်နေလို့ တိုက်စစ်အားကို မြှင့်ကစားခဲ့ရာမှာ ချေပဂိုးပြန်ရသွားခဲ့ကာ ၂-၂ ရလဒ်ထွက်ပေါ်ခဲ့ပြီး ပွဲက တော်တော်လေးကို အရှိန်မြင့်ခဲ့ပါတယ်။
ဒီပွဲကို သရေကျခဲ့တာကြောင့် နယူးကာဆယ်ဟာ ချန်ပီယံလိဂ်ဝင်ခွင့်နေရာအတွက် ဖိအားတွေရှိနေဆဲဖြစ်ပါတယ်။ ဒီနေ့ကစားမယ့် မန်ချက်စတာယူနိုက်တက်နဲ့ ၀ုလ်ဗ်တို့ပွဲမှာသာ ယူနိုက်တက်က နိုင်ခဲ့ရင် အဆင့် ၃ နေရာအတွက်ပါ သူတို့ စိုးရိမ်ရတော့မှာဖြစ်သလို လီဗာပူးလ်ကလည်း အနိုင်ရမယ်ဆို အမှတ်ကွာဟချက်ကျဉ်းမြောင်းသွားမှာမို့ နယူးကာဆယ်တို့ ရာသီပြီးခါနိးမှ ချန်ပီယံလိဂ်ဝင်ခွင့်နဲ့တောင် လွဲချော်ဖွယ်ရှိနေခဲ့ပါပြီ။
ပွဲပြီးခါနီးမှာ ဂျူနီယာဖာပိုတယောက် အနီကတ်ထိခဲ့ကာ ထုတ်ပယ်ခံခဲ့ရပြီး လိဒ်တို့ သရေတမှတ်ရဖို့ ထိန်းကစားနေခဲ့ရပါတယ်။ လိဒ်ကတော့ သရေတမှတ်သာရခဲ့လို့ လက်ကျန် ၂ပွဲမှာ ရုန်းကန်ရဦးမှာဖြစ်ပြီး တန်းတင်ကျန်ရစ်ဖို့ကတေ့ာ တော်တော်လေးအခွင့်အရေးနည်းပါးခဲ့ပါပြီ။