ပရီးမီးယားလိဂ်အမှတ်ပေးဖလားအတွက် လီဗာပူးလ်နဲ့ အပြိုင်ဖြစ်နေတဲ့ မန်စီးတီးဟာ လိဒ်ကိုအဝေးကွင်းမှာ ဂိုးပြတ်သွင်းပြီး နိုင်ပွဲယူခဲ့ပါတယ်။ ဒီအတွက် နယူးကာဆယ်ကိုအနိုင်ရပြီး အမှတ်ပေးဇယားထိပ်ကို ခဏတက်ခွင့်ရထားတဲ့ လီဗာပူးလ်ကို ပြန်ဆွဲချနိုင်ခဲ့ပြီးတော့ သူတို့ရဲ့နေရာကို သူတို့ပြန်ယူသွားခဲ့နိုင်ပါတယ်။
ရီးရဲလ်နဲ့ ချန်ပီယံလီဂ်ပွဲကစားရဖို့ရှိနေတဲ့ မန်စီးတီးဟာ ရီးရဲလ်လိုပဲ ပြိုင်ဘက်ကို ၄ ဂိုးပြတ်နဲ့ အနိုင်ယူပြီး ငါတို့ကိုလျှော့မတွက်နဲ့လို့ ပြသခဲ့ပါတယ်။ ရီးရဲလ်ကလည်း အက်စ်ပန်ညိုကို ၄ ဂိုးပြတ်အနိုင်ရပြီး ချန်ပီယံဖြစ်ခဲ့လို့ တသင်းနဲ့တသင်း သွင်းဂိုးတွေနဲ့ သတိပေးနေကာ လာမယ့် ချန်ပီယံလိဂ်ဆီမီးဖိုင်နယ်ဒုတိယအကျော့ကတော့ ပိုပြီးစိတ်ဝင်စားဖို့ကောင်းလာခဲ့ပါပြီ။
မန်စီးတီးအတွက် ဂီုးတွေကိုတော့ ရိုဒရီ၊ အကီ၊ ဂျီးဆပ်နဲ့ ဖာနန်ဒင်ဟိုတို့က သွင်းယူပေးခဲ့တာပါ။ တိုက်စစ်၊ကွင်းလယ်၊ ခံစစ်နေရာစုံက ကစားသမားတွေ ဂိုးသွင်းခဲ့တာဖြစ်ပြီး ခြေစွမ်းပြန်တက်လာတဲ့ လိဒ်တို့ အိမ်ကွင်းမှာ မန်စီးတီးပေါက်ကွဲမှုဒဏ်ကိုမခံနိုင်ခဲ့ဘဲ အရှုံးပေးခဲ့ရပါတယ်။ မန်စီးတီးကတော့ လီဗာပူးလ်ကို ၁ မှတ်အသာနဲ့ ဆက်ဦးဆောင်ဆဲဖြစ်ကာ အမှတ်ပေးဖလားတိုက်ပွဲက ပိုပြင်းထန်လာနေပါပြီ။
ဂွာဒီယိုလာအတွက်လည်း အရေးကြီးပွဲမတိုင်ခင် သူ့အသင်းသားတွေရဲ့ ဂိုးပြတ်နိုင်ပွဲဖော်ဆောင်မှုက ကျေနပ်စရာဖြစ်ခဲ့ရပါတယ်။ မန်စီးတီးဟာ ရီးရဲလ်ကို ပထမအကျော့က အိမ်ကွင်းမှာ ၄-၃ နဲ့ အနိုင်ရရှိထားခဲ့တာဖြစ်ပြီး ဘာနေဗျူးမှာ သရေကစားနိုင်ရုံနဲ့ ဗိုလ်လုပွဲတက်မှာပါ။ သူတို့သာ ဗိုလ်လုပွဲတက်နိုင်မယ်ဆိုရင် လီဗာပူးလ်နဲ့ပဲ ပြန်ဆုံတွေ့ဖွယ်ရှိနေပြီး ချန်ပီယံလိဂ်ဖလားကပါ သူတို့နှစ်သင်း အပြိုင်လုရတော့မှာလားဆိုတာ စိတ်ဝင်စားစရာပါပဲ။