မက်ဆီ၊ နေမာ၊ အမ်ဘာပေတို့ သုံးယောက်ကြားက ဆက်ဆံရေးအပေါ် အမ်ဘာပေကိုယ်တိုင် ပြောပြလာတာပါ။

PSG တိုက်စစ်ကစားသမား အမ်ဘာပေက သူနဲ့ တိုက်စစ်တွဲဖော် ကစားသမားတွေဖြစ်တဲ့ နေမာ၊ မက်ဆီတို့အကြားမှာ ဘယ်လိုအားပြိုင်မှုမျိုးမှ မရှိဘူးလို့ ဖွင့်ဟပြောကြားလာပါတယ်။ အရင်တည်းက PSG မှာ နေမာနဲ့ အမ်ဘာပေတို့အကြား အားပြိုင်မှုတွေရှိခဲ့တယ်လို့ ပရိသတ်တွေက ယူဆခဲ့တာပါ။



ပြီးခဲ့တဲ့နွေရာသီ အပြောင်းအရွှေ့မှာတော့ PSG ကို မက်ဆီပါ ရောက်ရှိလာခဲ့ပြီး အချင်းချင်းကြားမှာ အတ္တချင်းအားပြိုင်မှုတွေ ရှိလာတော့မယ်၊ ရှိနေမယ်လို့ အားလုံးက ထင်မြင်နေကြပါတယ်။

အထူးသဖြင့် မက်ဆီနဲ့နေမာက ဘာစီလိုနာမှာအတူတွဲကစားခဲ့ဖူးသလို တောင်အမေရိကသားတွေလည်းဖြစ်တာကြောင့် နှစ်ယောက်ကြား ပိုမိုအဆင်ပြေပြီး အမ်ဘာပေကတော့ ကွဲထွက်နေမယ်လို့ ယုံကြည်နေကြတာပါ။

ဒါပေမယ့် လက်ရှိအချိန်ထိတော့ PSG တိုက်စစ်က အားရလောက်စရာမရှိသေးဘဲ “ဆရာများ သားသေ” ဖြစ်နေရပြီလို့ ပရိသတ်တွေက ယူဆနေသလို နည်းပြပိုချက်တီနိုကလည်း မက်ဆီ၊ နေမာ၊ အမ်ဘာပေတို့အကြားမှာ နားလည်မှုရဖို့ အချိန်ယူရဦးမယ်လို့ ပြောကြားခဲ့ဖူးပါတယ်။ ဒီလိုမျိုး သုံးယောက်ကြား ပြိုင်ဆိုင်မှုတွေရှိနေလားဆိုတဲ့ မေးခွန်းတွေအပေါ်မှာ အမ်ဘာပေကလည်း အခုလိုပဲ တုံ့ပြန်ခဲ့ပါတယ်။

အမ်ဘာပေက “အခု ကျနော် ကောင်းမွန်တဲ့ ခံစားချက်တွေရှိနေပါတယ်။ အသင်းကလည်း ပုံစံကောင်းပြသနေတယ်လေ။ ကျနော်၊ မက်ဆီ၊ နေမာတို့အကြားမှာ ဘယ်သူက ဘော့စ်လဲဆိုတာကို တကယ်ဂရုမစိုက်ပါဘူး”

“အဓိကရည်မှန်းချက်က ကျနော်တို့ သုံးယောက်လုံး မှန်ကန်တဲ့ အနေအထားမှာရှိနေဖို့ပါပဲ။ ဘာလို့လဲဆိုတော့ ကျနော်တို့က ပွဲအဖြေကို ပြောင်းလဲပေးနိုင်တဲ့သူတွေလေ။ ဒီလိုနည်းလမ်းကပဲ ပိုကောင်းပါတယ်” လို့ ပြောကြားသွားခဲ့ပါတယ်။ အမ်ဘာပေ ဒီလိုမျိုးပြောခဲ့ပေမယ့် PSG ကတော့ ပြိုင်ပွဲစုံ နောက်ဆုံး (၄) ပွဲမှာ (၁) ပွဲသာ အနိုင်ရရှိခဲ့ပြီး နောက်ဆုံး (၂) ပွဲဆက်တိုက် သရေကျခဲ့ပါတယ်။ 

Share

Loading Next Article...
က္က