အဲဗာတန်က ပရီးမီးယားလိဂ်ရဲ့ ဘဏ္ဍာရေးစည်းမျဥ်းကို ချိုးဖောက်ထားတာပါ။

တန်းဆင်းဇုန်က လွတ်သွားပြီဖြစ်တဲ့ အဲဗာတန်ကို လိဒ်စ်နဲ့ဘန်လေတို့ နှစ်သင်းအတူပူးပေါင်းပြီး တန်းဆင်းရအောင် လုပ်နေတယ်လို့ သိရှိရပါတယ်။ အဲဗာတန်ဟာ ကြားရက်မှာ ခရစ္စတယ်ပဲလေ့စ်ကို အနိုင်ယူပြီးနောက် နောက်ဆုံးပွဲအဖြစ် အာဆင်နယ်ကို ရှုံးသည့်တိုင် တန်းဆင်းဇုန်က လွတ်မြောက်ခဲ့ပါပြီ။



ဒါပေမယ့် အသင်းရဲ့ ဘဏ္ဍာရေးဆိုင်ရာ အနေအထားတွေက ဥပဒေကို ချိုးဖောက်ထားတယ်လို့ လိဒ်စ်နဲ့ဘန်လေတို့က ယုံကြည်နေပြီး အဲဗာတန်ကို တိုင်တန်းဖို့ ပြင်ဆင်နေတာပါ။ ဒီနှစ်သင်းဟာ တန်းဆင်းရမယ့် တနေရာမှာ မပါသွားဖို့အရေး နောက်ဆုံးပွဲမှာ အသည်းအသန် တိုက်ပွဲဝင်ရမှာဖြစ်ပါတယ်။ လက်ရှိ ပရီးမီးယားလိဂ်မှာ နော့ဝစ်ချ်၊ ဝက်ဖို့ဒ်တို့ တန်းဆင်းခဲ့ပြီးပါပြီ။

အဆင့် (၁၈) နဲ့ တန်းဆင်းရမယ့် အသင်းကတော့ လိဒ်စ်ဖြစ်မလား၊ ဘန်လေဖြစ်မလား နောက်ဆုံးပွဲအထိ စောင့်ကြည့်ရမှာပါ။ အဲဗာတန်ဟာ ပြီးခဲ့တဲ့ နောက်ဆုံး ဘောလုံးရာသီ (၃) ခုမှာ စုစုပေါင်း ပေါင် (၃၇၁.၈) သန်း အရှုံးပေါ်ခဲ့ပါတယ်။ ပုံမှန်အားဖြင့် ပရီးမီးယားလိဂ်ရဲ့ ဘဏ္ဍာရေးဆိုင်ရာစည်းမျဥ်းတွေအရ (၃) ရာသီပေါင်းအတွက် ပေါင် (၁၀၅) သန်းသာ အများဆုံး အရှုံးပေါ်ခွင့်ရှိတာပါ။

ဒါပေမယ့်လည်း ကိုဗစ်ရိုက်ခတ်မှုပြင်းထန်ခဲ့တဲ့ ရာသီတွေအတွက် အဲဗာတန်ကို ကင်းလွတ်ခွင့်အချို့ပေးခဲ့ပါတယ်။ ဒီလိုမျိုးပေးထားသည့်တိုင် အဲဗာတန်က ပေါင်သန်း (၁၇၀) အရှုံးပေါ်နေဆဲဖြစ်ပြီး စည်းမျဥ်းတွေကို ကျော်လွန်နေဆဲပါ။ ပရီးမီးယားလိဂ်ရဲ့ စည်းမျဥ်းတွေအရ ကိုဗစ်ကြောင့် အရှုံးပေါ်တဲ့ကိန်းဂဏန်းတွေကို ထည့်သွင်းတွက်ချက်ခြင်းမရှိပါဘူး။

ဒီလိုမျိုး မတွက်ချက်သည့်တိုင်အောင်မှ အရှုံးပေါ်နေတဲ့ပမာဏက ပေါင် (၁၀၅) သန်းကို ကျော်လွန်နေခဲ့မယ်ဆိုရင် အမှတ်လျှော့တာမျိုးအပါအဝင် အခြားသော အရေးယူမှုတွေကို ပြုလုပ်နိုင်ပါတယ်။ အဲ့ဒါကြောင့်လည်း လိဒ်စ်နဲ့ဘန်လေတို့ အတူပူးပေါင်းပြီး အဲဗာတန်ကို တိုင်တန်းဖို့ ပြင်ဆင်နေတာပါ။

ခရစ္စတယ်ပဲလေ့စ်ကို အနိုင်ရရှိခဲ့တဲ့ပွဲအပြီးမှာလည်း အဲဗာတန်ပရိသတ်တွေ အလုံးအရင်းနဲ့ ကွင်းအတွင်း ဝင်ရောက်ကျူးကျော်ခဲ့တဲ့အပေါ်မှာလည်း အခြားသောပရိသတ်တွေက အဲဗာတန်ကို အမှတ်လျှော့ပြစ်ဒဏ်နဲ့ အရေးယူသင့်တယ်လို့ အသီးသီးဝေဖန်ခဲ့ကြပါတယ်။ အဲဗာတန်သာ အမှတ်လျှော့ခံရရင်တော့ တန်းဆင်းသွားရမှာဖြစ်ပါတယ်။  

Share

Loading Next Article...
က္က