ဘယ်သူမဆို ဘယ်လိုအကြမ်းဖက်မှုမှ ကြုံချင်ကြမှာမဟုတ်ပါဘူး။ ဒါပေမယ့်လည်း အခန့်မသင့်လို့ အကြမ်းဖက်မှုတွေ ကြုံလာခဲ့ပြီဆိုရင် နောက်ဆက်တွဲအနေနဲ့ ကိုယ့်အတွက် ဆိုးကျိုးတွေ အများကြီး ဖြစ်ပေါ်မလာအောင် ကာကွယ်တားဆီးဖို့ လိုအပ်ပါတယ်။
တကယ်လို့ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေ ကြုံလာခဲ့ပြီဆိုရင် ကိုယ့်အနေနဲ့ ဘာတွေ ဆက်လုပ်ရမလဲဆိုတာကို ပြောပြပေးချင်ပါတယ်။
ဘယ်လိုအရာကို လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုလို့ ခေါ်တာလဲ
အလိုဆန္ဒမပါဝင်တဲ့ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုလို့ ခံစားရနိုင်တဲ့ အခြေအနေတွေကတော့ နှုတ်နဲ့ဖြစ်စေ၊ အမူအယာနဲ့ဖြစ်စေ လိင်ပိုင်းဆိုင်ရာကို ထိပါးစော်ကားခံရတဲ့အခြေအနေ၊ ဒါမှမဟုတ် မိမိနဲ့ နှစ်ဦးသဘောတူလက်ထပ်ထားတဲ့ လူကြားမှာတောင်မှ အလိုဆန္ဒမရှိခဲ့ဘူးဆိုရင် ဒါဟာ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု မြောက်ပါတယ်။
လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေ ကြုံလာပါက ကြောက်ရွံ့မနေပါနဲ့
လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေ ကြုံလာခဲ့မယ်ဆိုရင် ကြောက်ရွံ့ထိတ်လန့်မနေဘဲ အကူအညီပေးနိုင်မယ့်သူတွေကို အကူအညီတောင်းခံဖို့ လိုပါတယ်။
အရေးပေါ် သန္ဓေတားဆေးသောက်သုံးပေးပါ
လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေ ကြုံတွေ့လာခဲ့ပြီဆိုရင် အရေးပေါ်အနေနဲ့ အကြမ်းဖက်မှုကြုံတွေ့ခံရတဲ့ ၇၂ နာရီအတွင်း အများဆုံး နာရီပေါင်း ၁၂၀ အထိ မလိုလားအပ်တဲ့ ကိုယ်ဝန်မရစေဖို့အတွက် အရေးပေါ်သန္ဓေတားဆေး သောက်သုံးဖို့ လိုပါတယ်။
HIVကာကွယ်ဆေး သောက်သုံးပါ
မလိုလားအပ်တဲ့ ကိုယ်ဝန်လိုပဲ လိင်မှတစ်ဆင့်ကူးစက်တဲ့ ကိုယ်ခံအားကျဆင်းစေတဲ့ ကူးစက်ရောဂါ HIV/ AIDS ရောဂါတွေ ကူးစက်ခံရတာမျိုး မရှိရလေအောင် ၇၂ နာရီအတွင်း HIV ကာကွယ်ဆေး PEP ဆေးကို သောက်သုံးဖို့ လိုပါတယ်။
လိင်မှတစ်ဆင့်ကူးစက်တဲ့ တခြားသောရောဂါတွေကိုလည်း ကာကွယ်ပါ
မလိုလားအပ်တဲ့ ကိုယ်ဝန်၊ HIV ရောဂါတွေလိုပဲ လိင်မှတစ်ဆင့်ကူးစက်တဲ့ ကာလသားရောဂါတွေကို ကာကွယ်နိုင်ဖို့အတွက် ပိုးသတ်ဆေးတွေ သောက်သုံးထားပေးဖို့လည်း လိုအပ်ပါတယ်။
အကူအညီတောင်းခံပါ
လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေကို ကြုံခဲ့ရပြီဆိုရင် မိမိအနေနဲ့ အကူအညီတောင်းခံနိုင်တဲ့ ဖွင့်ဟလို့ရတဲ့ ဉပဒေပိုင်းနဲ့ ပတ်သက်ပြီး ကူညီတဲ့ အဖွဲ့အစည်းတွေ၊ ကျန်းမာရေးပိုင်းနဲ့ ပတ်သက်ပြီး အကူအညီပေးတဲ့ အဖွဲ့အစည်းတွေ၊ စိတ်ပိုင်းဆိုင်ရာနဲ့ ပတ်သက်ပြီး အကူအညီပေးမယ့် အဖွဲ့အစည်းတွေ စတဲ့ အဖွဲ့အစည်းပေါင်း များစွာရှိပါတယ်။
လိင်အကြမ်းဖက်မှု ခံစားရပြီဆိုရင် ထိတ်လန့်ကြောက်ရွံ့နေတာ ၊ ရှက်ရွံ့သိမ်ငယ်နေတာမျိုးတွေ ခဏဘေးဖယ်ပြီး ကိုယ့်အတွက် လုံခြုံမယ့် နောက်ဆက်တွဲ ဆိုးကျိုးတွေ မဖြစ်ပေါ်စေမယ့် နည်းလမ်းလေးတွေကို ကျင့်သုံးလိုက်နာဖို့ လိုအပ်ပါတယ်။
အကြမ်းဖက်ခံရမှုမှ လူတိုင်း ကင်းဝေးကြပါစေ။
ဖော်ပြပါသတင်းဆောင်းပါးပါ အချက်အလက်များသည် Duwun Community Voice အစီအစဉ်မှ မျိုးဆက်ပွားကျန်းမာရေးဆိုင်ရာ ဗဟုသုတတွေ ဝေမျှအကြံပေးနေတဲ့ ဒေါက်တာ စုမွန်ဝင်းရဲ့ အကြံပြုချက်များကို ကောက်နုတ်ဖော်ပြထားခြင်းဖြစ်ပါသည်။