တချို့လိင်ပိုင်းဆိုင်ရာစော်ကားမှုတွေက သိမ်မွေ့လွန်းတာကြောင့် ခံရသူကိုယ်တိုင်ကျုးလွန်ခံရမှန်းမသိနိုင်တဲ့ အခြေအနေတွေရှိပါတယ်။

လူအဖွဲ့အစည်းမှာ လူအများစုက လိင်ပိုင်းဆိုင်ရာစော်ကားမှုလိုဆိုလိုက်တာ ရုပ်ပိုင်းဆိုင်ရာပြုမူစော်ကားခံရတယ်လို့ပဲ သဘောပေါက်နားလည်ကြပါတယ်။ အခြားသော လိင်ပိုင်းဆိုင်ရာစော်ကားမှုတွေကို ကျုးလွန်ခံရသူကိုယ်တိုင်တောင် ကိုယ့်ကိုစော်ကားသွားတယ်လို့ နားလည်သဘောပေါက်တာမျိုးမရှိပါဘူး။ ဒီအတွက် ကိုယ့်ကိုကိုယ်ဘယ်လိုကာကွယ်ရမလဲဆိုတာမသိသလို ကျုးလွန်ခဲ့သူအနေနဲ့လည်း ဥပဒေအရအရေးယူခံရခြင်းကနေ လွတ်ကင်းနေတာမျိုးတွေ ရှိတတ်ပါတယ်။

လိင်ပိုင်းဆိုင်ရာစော်ကားမှုဆိုတာဘာလဲ

Photo: Freepik

ကိုယ့်ရဲ့သဘောတူညီချက်မပါဘဲနဲ့ လူတစ်ယောက်က ရုပ်ပိုင်းဆိုင်ရာဖြစ်စေ၊ အပြောအဆိုအပြုအမူနဲ့ပဲဖြစ်ပါစေ အကြည့်နဲ့ပဲဖြစ်ပါစေ၊ စော်ကားမှုကို လိင်ပိုင်းဆိုင်ရာစော်ကားမှုမြောက်ပါတယ်။ တချို့လိင်ပိုင်းဆိုင်ရာစော်ကားမှုတွေက အရမ်းသိမ်မွေ့လွန်းတဲ့အတွက် ကျုးလွန်ခံရသူကိုယ်တိုင်က ကျုးလွန်ခံရမှန်းမသိနိုင်တဲ့ အခြေအနေတွေလည်း ရှိနိုင်ပါတယ်။ ဘယ်လိုအခြေအနေမျိုးတွေက လိင်ပိုင်းဆိုင်ရာကျုးလွန်မှုမြောက်သလဲဆိုတော့..

  • လမ်းသွားနေတဲ့သူကို နှုတ်နဲ့လှမ်းပြီးစနောက်တာ
  • အပြုအမူနဲ့စနောက်တာ
  • အကြည့်အားဖြင့် သက်သောင့်သက်သာမရှိအောင် ပြုမူတာ
  • အဆိုးဆုံးအခြေအနေကတော့ ကိုယ်ထိလက်ရောက်ကျုးလွန်တာ
  • သဘောဆန္ဒမပါဘဲ ထိတွေ့ကိုင်တွယ်တာ
  • အလိုမတူဘဲ အတင်းအဓမ္မဆက်ဆံတာ
  • ဒီအချက်တွေအားလုံးက လိင်ပိုင်းဆိုင်ရာ ကျုးလွန်မှုမြောက်ပါတယ်။

လိင်ပိုင်းဆိုင်ရာစော်ကားမှုနဲ့ရင်ဆိုင်လာရပြီဆိုရင် ဘယ်လိုရင်ဆိုင်သင့်သလဲ

Photo: Small Business

"လိင်ပိုင်းဆိုင်ရာစော်ကားမှုဖြစ်လာပြီဆိုရင် အဓိကမှတ်ထားရမှာက ကျုးလွန်ခံရသူတွေက အပြစ်ရှိနေတာမဟုတ်ဘဲ ကျုးလွန်သူတွေမှာသာ အပြစ်ရှိနေတာပါ။ ဒါကြောင့် ကျုးလွန်ခံရသူတွေကို အဝတ်အစားအနေအထိုင်ကြောင့် ဒါမျိုးတွေဖြစ်တယ်ဆိုတာမျိုးကို မှတ်ချက်မပေးမိဖို့လိုပါတယ်။ ကိုယ့်ကိုကျုးလွန်လာပြီဆိုရင် မကြိုက်ရင်မကြိုက်ကြောင်းပြောသင့်ပါတယ်။ ဒီလိုနဲ့မှမရပ်တန့်ဘူးဆိုရင်တော့ ဒီလူနဲ့ဝေးရာကိုရှောင်ရမှာဖြစ်ပါတယ်။ ဘယ်လို ကျုးလွန်မှုမျိုးပဲဖြစ်ပါစေ ဖြစ်နေတဲ့အရပ်ကနေ အရင်ဆုံးကိုယ့်ကိုကိုယ်ကာကွယ်ဖို့အတွက် ရှောင်ရပါမယ်။ ဘေးပတ်ဝန်းကျင်ကိုကြည့်ပြီး ကူညီနိုင်မယ့်သူတွေ ရှိနိုင်မရှိနိုင်ကိုကြည့်ပြီး တုံ့ပြန်ရမှာပါ။ အကောင်းဆုံးကတော့ သွားလာတဲ့အခါမှာ ကိုယ့်ကိုကိုယ်ကာကွယ်နိုင်တဲ့ ထီးအရှည်လို ပစ္စည်းမျိုးဆောင်သွားနိုင်တာ အကောင်းဆုံးပါပဲ။"လို့ ကိုယ်တိုင် လိင်ပိုင်းဆိုင်ရာစော်ကားခံရခြင်းကို ကြုံတွေ့ခဲ့ဖူးတဲ့ English Language Instructor မနဒီမင်းက သူ့ရဲ့အတွေ့အကြုံတွေကို မျှဝေပါတယ်။

ဘယ်လိုလူမျိုးတွေက ကျုးလွန်တတ်သလဲ၊ ဘယ်လိုလူမျိုးတွေ ကျုးလွန်ခံရတတ်သလဲ

Photo: The Council of Europe

လိင်ပိုင်းဆိုင်ရာစော်ကားကျုးလွန်မှုကို ကျုးလွန်တတ်သူတွေက ဘယ်သူမဆိုဖြစ်နိုင်ပါတယ်။ များသောအားဖြင့်တော့ အနုစားစော်ကားမှုမျိုးကို သူစိမ်းတွေထက် ကိုယ့်ပတ်ဝန်းကျင်ကရင်းနှီးသူတွေက ပိုပြီး ကျုးလွန်တတ်ကြောင်းကို အမေရိကန်နိုင်ငံ ဟားဗက်တက္ကသိုလ်ရဲ့စစ်တမ်းအရသိရပါတယ်။

လူ့အသိုင်းအဝန်းမှာ ရင်းနှီးသူတွေက လိင်ပိုင်းဆိုင်ရာစော်ကားမှုမျိုးကျုးလွန်လာပြီဆိုရင် အကျုးလွန်ခံရသူရဲ့စိတ်ထဲမှာ ဒါကဖြစ်နိုင်ပါ့မလား၊ ကိုယ့်ကို ဒီလိုလုပ်ပါ့မလား၊ တစ်ယောက်ယောက်ကိုဖွင့်ပြောလိုက်ရင် ရင်းနှီးမှုပျက်သွားမလား စတဲ့ စိုးရိမ်မှုတွေနဲ့ ပြန်လည်တုံ့ပြန်တာမျိုးမလုပ်ဘဲ အားတုံ့အားနာဖြစ်တတ်ပါတယ်။ ဒီအခြေအနေက ကျုးလွန်သူတွေအတွက် စိတ်ကြိုက်ဖြစ်စေနိုင်ပါတယ်။

လိင်ပိုင်းဆိုင်ရာစော်ကားမှုကို အမျိုးသားရောအမျိုးသမီးပါ ခံရနိုင်ပါတယ်။ အမျိုးသားမို့ အမျိုးသမီးမို့ဆိုပြီး ခွဲခြားနေတာမျိုးမရှိပါဘူး။ ဒီတော့ နားလည်ထားရမှာက လိင်ပိုင်းဆိုင်ရာစော်ကားမှုကို ခံရတဲ့နေရာမှာ အမျိုးသား/အမျိုးသမီးကွဲပြားခြားနားမှုမရှိပါဘူး။

ဘယ်လိုကာကွယ်မလဲ

Photo: Inspired

အဓိက,ကတော့ လိင်ပိုင်းဆိုင်ရာကျုးလွန်မှုနဲ့ရင်ဆိုင်လာရပြီဆိုရင် ကိုယ့်ကိုကိုယ်ကာကွယ်နိုင်ဖို့က အရေးအကြီးဆုံးပါ။ ရှက်နေတာတွေ၊ အားနာနေတာမျိုးတွေက ကျုးလွန်သူတွေကို အခွင့်အရေးပေးသလိုဖြစ်တတ်ပါတယ်။ ကိုယ်က မကြိုက်ရင်မကြိုက်ကြောင်းကို ပွင့်ပွင့်လင်းလင်းပြောဖို့ အဓိကအရေးကြီးပါတယ်။ အကူအညီတောင်းခံပါ။ ကျုးလွန်ခံရပြီးဖြစ်စေ၊ ရည်ရွယ်လာပြီလို့ခံစားလာရချိန်မှာဖြစ်စေ၊ ဘေးပတ်ဝန်းကျင်၊ ဒါမှမဟုတ် တတ်ကျွမ်းနားလည်သူတွေနဲ့ ကိုယ့်ကိုကာကွယ်ပေးနိုင်သူမျိုးတွေကို အကူအညီတောင်းခံဖို့အတွက် ဘယ်တော့မှ ဝန်မလေးပါနဲ့။

ကူညီပါ။ ကိုယ့်ရှေ့မှာ လိင်ပိုင်းဆိုင်ရာကျုးလွန်မှုမျိုးပေါ်ပေါက်နေပြီဆိုရင် ကူညီပေးဖို့အတွက် ရှောင်ဖယ်သွားတာမျိုးမလုပ်သင့်ပါဘူး။ ယောကျာ်းလေးမို့ သူ့ပြဿနာသူရှင်းလိမ့်မယ်၊ မိန်းကလေးမို့ အမှုပတ်လိမ့်မယ်ဆိုတာမျိုးတွေ မတွေးဘဲ လိုအပ်တဲ့အကူအညီမျိုးတွေပေးသင့်ပါတယ်လို့ အကြံပြုဝေမျှပေးလိုက်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က