ယနေ့ ကမ္ဘာမှာရော မြန်မာမှာပါ အမျိုးသမီးတွေ ဒုတိယအဖြစ်များဆုံးကင်ဆာရောဂါဟာ သားအိမ်ခေါင်းကင်ဆာပါ။ မဖြစ်ခင်မှာ ကြိုတင်ကာကွယ်လို့ရတဲ့ တစ်ခုတည်းသော ကင်ဆာရောဂါဖြစ်ပေမယ့်လည်း ကျန်းမာရေးစောင့်ရှောက်မှုအားနည်းခြင်းနဲ့ အသိပညာပေးမှုအားနည်းခြင်းတွေကလည်း ရောဂါကြိုတင်ကာကွယ်ဖို့အတွက် စိန်ခေါ်မှုတစ်ရပ်ဖြစ်နေပြန်ပါတယ်။
သားအိမ်ခေါင်းကင်ဆာ ဘယ်ကစဖြစ်သလဲ
Human papillomavirus (HPV) ခေါ် ကြွက်နို့ပိုးကြောင့်ဖြစ်တာပါ။ လိင်ဆက်ဆံခြင်းကတစ်ဆင့် အရေပြားထိစပ်မှု ကနေပြီးတော့ ကူးစက်ဖြစ်ပွားတာပါ။ အိမ်ထောင်ရှိတဲ့အမျိုးသမီး သို့ဟုတ် လိင်ဆက်ဆံဖူးတဲ့အမျိုးသမီး မှန်သမျှ ဘဝတစ်သက်တာမှာ HPV Infection (ကြွက်နို့ပိုး) အနည်းဆုံးတစ်ခါလောက်တော့ ကူးစက်ခံရနိုင်ပါတယ်။ ဒါပေမယ့် ကိုယ်ခံအားတွေကောင်းနေတဲ့အတွက်ကြောင့် ဒီပိုးက အလိုလိုပြန်ပျောက်သွားတတ်ပါတယ်။ များသောအားဖြင့် (၇၀) ၊ (၈၀) ရာခိုင်နှုန်းလောက်က တော်တော်များများပြန်ပျောက်သွားကြတာများတယ်။ အဲဒီထဲကမှ တစ်ချို့ ကူးစက်မှုတွေမှာတော့ ကိုယ်ခံအားနည်းသွားတဲ့အချိန် သို့မဟုတ် ကိုယ်ခံအား နည်းပါးတဲ့ရောဂါတွေ ဖြစ်လာချိန်မှာတော့ ကင်ဆာအဖြစ်ကို ကူးပြောင်းနိုင်ပါတယ်။
Photo : Freepik
ဖြစ်ပွားဖို့ ဆယ်စုနှစ်တစ်ခုကြာတဲ့သားအိမ်ခေါင်းကင်ဆာ
လိင်ဆက်ဆံခြင်းကနေ Human papillomavirus (HPV) လို့ခေါ်တဲ့ ကြွက်နို့ပိုးကတစ်ဆင့် သားအိမ်ခေါင်းကင်ဆာအဆင့်အထိ ကူးပြောင်းဖို့ ဆယ်စုနှစ်တစ်ခုကြာမြင့်ပါတယ်။ ကင်ဆာအဆင့်ဖြစ်ဖို့ အချိန်ကြာမြင့်တာဖြစ်တဲ့အတွက် သားအိမ်ခေါင်းကင်ဆာရောဂါအထိ မဖြစ်ပွားအောင် ကြိုတင်ပြင်ဆင်လို့ရနိုင်ပါတယ်။ စောစောစီးစီးသိရှိပါက ကြိုတင်ကုသကာကွယ်လို့ရတဲ့နည်းလမ်းတွေ များစွာရှိပါတယ်။ မြန်မာနိုင်ငံမှာက သားအိမ်ခေါင်းကင်ဆာ ဖြစ်ပွားမှု မြင့်မားနေခြင်းက ကင်ဆာဖြစ်တဲ့နောက်ဆုံးအချိန်မှ သိရှိတာတွေကြောင့်ပါ။ ဒါကြောင့် သားအိမ်ခေါင်းကင်ဆာရဲ့ လက္ခဏာတွေကို အမျိုးသမီးတိုင်းသိထားသင့်ပါတယ်။
Photo : Freepik
သားအိမ်ခေါင်းကင်ဆာဖြစ်စေနိုင်တဲ့ရောဂါလက္ခဏာများ
သားအိမ်ခေါင်းဆိုတာ သားအိမ်ရဲ့ အပေါက်ဝလို့ ခေါ်ပါတယ်။ အဲဒီ သားအိမ်အပေါက်ဝမှာ အပေါ်နှုတ်ခမ်းလေးနဲ့ အောက်နှုတ်ခမ်းလေးနဲ့ရှိပါတယ်။ အိမ်ထောင်သည်အမျိုးသမီးတွေအနေနဲ့ကတော့ ယောင်္ကျားရဲ့ လိင်အင်္ဂါနဲ့ ထိတွေ့ဆက်ဆံနေရတဲ့ နေရာဖြစ်ပါတယ်။ သားအိမ်ခေါင်းကင်ဆာဖြစ်နေပြီဆိုရင်တာ့ အဲ့ဒီနေရာကနေစပြီးတော့ ပုံမှန်မဟုတ်တော့ဘဲ ပြောင်းလဲလာပါတယ်။
ပထမဦးဆုံး ခံစားရမယ့်အရာတွေကတော့ အမျိုးသမီးတွေမှာ ပုံမှန်သဘာဝအတိုင်း ဆင်းတဲ့အဖြူဆိုတာရှိပါတယ်။ အဲဒီလို အဖြူမျိုးမဟုတ်ဘဲ အနံ့အသက်မကောင်းတဲ့ အဖြူတွေဆင်းခြင်း၊ ပြည်လိုအနှစ်တွေပုံစံဆင်းခြင်း မျိုးတွေ ကြုံတွေ့ရတတ်ပါတယ်။ အဲဒါက သားအိမ်ခေါင်းမှာ အနာဖြစ်ချင်လာတဲ့ လက္ခဏာပါ။ အမျိုးသားနဲ့ လိင်ဆက်ဆံပြီးချိန်မှာ သွေးဆင်းလာတာမျိုးတွေရှိလာရင် သတိထားပါ။ အရေးကြီးအဆင့်ကတော့ ရာသီသွေးဖောက်ပြန်ခြင်း၊ ပုံမှန်သွေးလာခြင်းထက်ပိုလာနေခြင်း၊ ပုံမှန် အဖြူဆင်းတာမဟုတ်ဘဲ အနံ့အသက်ပါတဲ့ အဖြူဆင်းတာမျိုးတွေ ဖြစ်လာပြီရင် နီးစပ်ရာ သားဖွားမီးယပ်ဆရာဝန်နဲ့ ပြသပြီး သားအိမ်ခေါင်းကို ကြည့်ရှုစစ်ဆေးသင့်ပါတယ်။
သားအိမ်ခေါင်းကင်ဆာရောဂါ အဆင့်အလိုက်ဘယ်လိုကုသမလဲ။
စောစီးစွာသိရလျှင်
- ခွဲလို့ရတဲ့အဆင့်ဆိုပါက အမြန်ဆုံးခွဲထုတ်ပါ။
- ဆေးသွင်းကုသပါ။
- ဓာတ်ရောင်ခြည်ပေးခြင်း။
- လိုအပ်တဲ့ပံ့ပိုးမှုနဲ့အတူ ဆက်လက်ကုသပေးခြင်းတွေ ပြုလုပ်ပါ။
တကယ်လို့ ကင်ဆာ အဆင့် (၃) ထိရောက်နေပြီဆိုရင် အနာက သားအိမ်ခေါင်းနဲ့ ဆက်စပ်လမ်းကြောင်းဖြစ်တဲ့ မိန်းမကိုယ်လမ်းကြောင်းရဲ့ အောက်ပိုင်းအထိ ရောက်နေပါပြီ။ အဆင့် (၄) ဆိုပါက ဆီးအိမ်၊ ဝမ်းအိမ်ကို အကုန်ပျံ့နေပါပြီ။ ဒီလိုမျိုး ကျန်တဲ့ အင်္ဂါတွေပါ ပြန့်နေတဲ့ အဆင့်မျိုးရောက်သွားရင်တော့ ခွဲထုတ်လို့မရနိုင်ပါဘူး။ ရောဂါလက္ခဏာအခြေအနေပေါ်မူတည်ပြီးဆေးကုသမှုပေးရမှာပါ။
Photo : Freepik
ကာကွယ်ဆေးမထိုးခင်အခြေအနေမှာ ဘယ်လိုကာကွယ်မလဲ
(၁) အကာအကွယ်မဲ့လိင်ဆက်ဆံခြင်းလုံးဝမလုပ်ပါနဲ့။
အကာအကွယ်မဲ့ လိင်ဆက်ဆံခြင်းက တစ်ဆင့် Human papillomavirus (HPV) ခေါ် ကြွက်နို့ပိုး ဝင်လာတဲ့အခါ တစ်ချို့ကလည်း အလိုအလျောက်ပျောက်သလို ဆယ်စုနှစ်တစ်ခုကြာပြီးတော့မှ မိမိသားအိမ်ကို ဒုက္ခပေးချင်လည်းပေးနိုင်ပါတယ်။
(၂) သားအိမ်ခေါင်းရဲ့ အချွဲမြှေးကိုစစ်ဆေးပါ။
မဖြစ်ခင်အဆင့်မှာ ကြိုတင်စစ်ဆေးခြင်းပါ။ အသက် (၂၁) နှစ်အရွယ်ကစပြီး အိမ်ထောင်ရှိ အမျိုးသမီး ၊ လိင်ဆက်ဆံဖူးတဲ့အမျိုးသမီးတိုင်း သုံးနှစ်တစ်ခါပုံမှန်စစ်ဆေးပါ။
(၃) စောစီးစွာကုသပါ။
ကင်ဆာ အဆင့် (၃)၊ (၄) မရောက်ခင် ဆိုးဝါးတဲ့အခြေအနေမျိုးမဟုတ်ရင်တော့ အပိုင်းလေးတွေခွဲပြီး ဆေးကုသမှုခံယူလို့ရနိုင်ပါတယ်။ ဒါကစောစီးစွာသိတဲ့အဆင့်တွေမှာသာ ကုသလို့ရတဲ့အခြေအနေပါ။
အမျိုးသမီးတိုင်းအတွက် အရေးကြီးတဲ့သားအိမ်ခေါင်းကာကွယ်ဆေး
အမျိုးသမီးတွေအနေနဲ့ အသက် (၉) နှစ်ကျော်တာနဲ့သားအိမ်ခေါင်းကင်ဆာကာကွယ်ဆေးထိုးပါ။ အသက် (၉) နှစ်ကနေ (၁၅) နှစ်မှာ နှစ်ကြိမ်ထိုးပါ။ (၁၅) နှစ်ကျော်သွားရင်တော့ အသက် (၁၅) နှစ်ကနေ (၄၅) နှစ်အတွင်းအမျိုးသမီးတွေထိုးလို့ရပါတယ်။ သုံးကြိမ်ထိုးရမှာဖြစ်ပြီး နှစ်လနဲ့ ခြောက်လခြားပြီး ထိုးပါ။ ကာကွယ်ဆေး ထိုးဖို့ အကောင်းဆုံးအချိန်က လိင်ပိုင်းဆိုင်ရာထိတွေ့မှုလုံးဝမရှိသေးတဲ့အသက် (၉) နှစ်က နေ (၁၂) နှစ်အရွယ်ထိုးတာကတော့ အထိရောက်ဆုံးဖြစ်ပါတယ်။
သတင်းဆောင်းပါးပါအချက်အလက်မျာသည် ပန်းလှိုင်ဆေးရုံမှ သားဖွားနဲ့မီးယပ်အထူးကုဆရာဝန်ကြီး ဒေါက်တာခိုင်မြတ်မင်းမှ ဆွေးနွေးအကြံပြုဝေမျှပေးထားခြင်းဖြစ်ပါသည်။