လိင်စွမ်းဆောင်ရည်ကျဆင်းခြင်းဟာ အိမ်ထောင်သာယာမှုကိုသာမက စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးဆိုင်ရာတွေကိုပါ ထိခိုက်စေတာပါ။

အမျိုးသားတစ်ယောက်အနေနဲ့ အိပ်ရာထဲမှာ စွမ်းဆောင်ရည်ကျဆင်းနေပြီလို့ ခံစားရတဲ့အခါ အိမ်ထောင်ရေးသုခ မပြည့်ဝရုံတင် မကဘဲ ယုံကြည်မှုလျော့နည်းလာခြင်း၊ စိတ်တိုလွယ်လာခြင်း၊ စိုးရိမ်ပူပန်မှုများလာခြင်းတို့လို စိတ်ပိုင်းဆိုင်ရာ ပြဿနာတွေနဲ့သာမက နောက်ဆက်တွဲအနေနဲ့ ကျန်းမာရေး ပြဿနာတွေပါရင်ဆိုင်လာရ နိုင်ပါတယ်။



Photo:CDN Parenting

ဘာလို့ လိင်စွမ်းဆောင်ရည် ကျတာလဲ

များသောအားဖြင့် အမျိုးသားတွေဟာ အသက်အရွယ်ကြီးလာတဲ့အခါ လိင်စွမ်းဆောင်ရည်ကျဆင်းသွားတတ်တယ်ဆိုပေမဲ့ ဒီပြဿနာကို အသက်အရွယ်မရွေး ကြုံရနိုင်ပါတယ်။

ဒီလို လိင်စွမ်းဆောင်ရည် ကျဆင်းရတာဟာ ရုပ်ပိုင်းဆိုင်ရာ ပြဿနာတွေကြောင့် ဖြစ်နိုင်သလို စိတ်ပိုင်းဆိုင်ရာ ပြဿနာတွေကြောင့်လည်း ဖြစ်နိုင်ပါတယ်။

ရုပ်ပိုင်းဆိုင်ရာ ပြဿနာတွေထဲမှာ -

  • အမျိုးသားဟော်မုန်းကျဆင်းခြင်း
  • ရောဂါတစ်ခုခုကြောင့် ဆေးဝါးများ ပုံမှန်သောက်သုံးနေရခြင်း
  • သွေးကြောများ မူမမှန်ခြင်း
  • ဆီးချိုရောဂါ၊ ဒါမှမဟုတ် ခွဲစိတ်ကုသမှုကြောင့် သွေးကြောများ မူမမှန်ခြင်း
  • ဆေးလိပ်သောက်ခြင်း
  • အရက် နဲ့ မူးယစ်ဆေးဝါးများ သုံးစွဲခြင်း

တို့ပါဝင်ပါတယ်။


စိတ်ပိုင်းဆိုင်ရာ ပြဿနာတွေ ထဲမှာတော့ -

  • ကိုယ့်ရဲ့ လိင်စွမ်းဆောင်ရည်နဲ့ပတ်သက်လို့ စိုးရိမ်ပူပန်မှုများခြင်း
  • အိမ်ထောင်ရေး ပြဿနာတွေရှိနေခြင်း
  • စိတ်ဖိစီးမှုများခြင်း၊ တခုခုအတွက် အပြစ်ရှိသည့်ခံစားချက် ဝင်နေခြင်း
  • အတိတ်က လိင်နဲ့ပတ်သက်တဲ့ စိတ်ဒဏ်ရာရှိခြင်း
  • အလုပ်နဲ့ ပတ်သက်ပြီး စိုးရိမ်စရာရှိနေခြင်း

တို့ပါဝင်ပါတယ်။

ကိုယ်တိုင် ကုသနိုင်မယ့် နည်းလမ်းတွေ

ရောဂါ၊ဝေဒနာ ကြီးကြီးမားမား တစ်ခုခုကြောင့် လိင်စွမ်းဆောင်ရည် ကျဆင်းတာမျိုး မဟုတ်ရင် ဒီပြဿနာကို ကိုယ်တိုင် ကုသဖြေရှင်းနိုင်မယ့် နည်းလမ်းတွေ ရှိပါတယ်။ ဈေးကွက်ထဲမှာ လိင်စွမ်းဆောင်ရည် မြှင့်တင်ပေးတယ်ဆိုတဲ့ ဆေးဝါးတွေလည်း အများကြီးရှိပေမဲ့ အဲဒီလို ဆေးတွေကို အားကိုးပြီး ပြဿနာကို ရေတို ဖြေရှင်းမယ့်အစား အောက်ပါ ရိုးရှင်းတဲ့နည်းလမ်းတွေနဲ့ ဖြေရှင်းတာက ရေရှည်အတွက် ပိုအကျိုးရှိစေမှာပါ။

(၁) လေ့ကျင့်ခန်းမှန်မှန်လုပ်၊ တက်တက်ကြွကြွနေ

Photo: iStock

လိင်ဆက်ဆံတဲ့အချိန်မှာ နှလုံးခုန်နှုန်းမြန်လာတတ်ပါတယ်။ ဒါကြောင့် ကိုယ့်ရဲ့ နှလုံးခုန်စည်းချက်မှန် နေစေဖို့အတွက် လမ်းလျှောက်ခြင်း၊ ပြေးခြင်း၊ ဒိုက်ထိုးခြင်း စတဲ့အပေါ့စားလေ့ကျင့်ခန်းလေးတွေကို မိနစ် ၃၀ လောက် နေ့စဉ် လေ့ကျင့်ပေးပြီး တက်တက်ကြွကြွနေထိုင်တဲ့ ဘဝပုံစံမျိုးနဲ့ နေထိုင်တတ်ဖို့ ကြိုးစားကြည့်ပါ။ လိင်စွမ်းဆောင်ရည် မြင့်တက်လာတာကို တွေ့ရပါလိမ့်မယ်။

(၂) အသီးအနှံနဲ့ ဟင်းသီးဟင်းရွက်တွေစား

Photo: Nippon Express

သွေးလည်ပတ်စီးဆင်းမှုကို အားကောင်းတဲ့ အသီးအနှံနဲ့ ဟင်းသီးဟင်းရွက်တွေ တော်တော်များများ ရှိပါတယ်။

နမူနာအနေနဲ့ ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ ငှက်ပျောသီး၊ ငရုတ်သီးနဲ့ ငရုတ်ကောင်း စတာ တွေဟာ လိင်စွမ်းဆောင်ရည်ကို မြှင့်တင်ပေးနိုင်ပါတယ်။

(၃) စိတ်ဖိစီးမှု လျှော့

စိတ်ဖိစီးမှုတွေဟာ လိင်စွမ်းဆောင်ရည်ကိုတင်မကဘဲ ခန္ဓာကိုယ်ကျန်းမာရေးကိုပါ ထိခိုက်စေနိုင်ပါတယ်။ ဒါ့အပြင် ဆေးလိပ်နဲ့ အရက် စွဲလန်းတာလိုမျိုး အကျင့်ဆိုးတွေကိုလည်း ဖြစ်ပေါ်စေနိုင်ပါတယ်။

ဒါကြောင့် စိတ်ဖိစီးစရာတွေ ရှိလာပြီဆိုရင် ကိုယ်ရင်ဆိုင်နေရတဲ့ ပြဿနာကို ယုံကြည်ရတဲ့ သူတွေကို ရင်ဖွင့်တာ၊ လေ့ကျင့်ခန်းပြင်းပြင်းထန်ထန်လုပ်တာ၊ တရားထိုင်တာ၊ ကိုယ့်ကို စိတ်အပန်းပြေစေမယ့် ဝါသနာပါတာလေးတွေ လုပ်တာ စတဲ့ နည်းလမ်းတွေနဲ့ ဖြေရှင်းဖို့ လိုပါတယ်။

(၄) ဆေးလိပ်နဲ့ အရက်ဖြတ်၊ မူးယစ်ဆေးရှောင်

Photo : Very Well Mind

ဆေးလိပ်နဲ့ အရက် ဟာ လိင်စွမ်းဆောင်ရည်ကို ဆိုးဆိုးရွားရွား ထိခိုက်စေနိုင်ပါတယ်။ မူးယစ်စေတတ်တဲ့ အခြားဆေးဝါးတွေလည်း အတူတူပါပဲ။ ဒါကြောင့် ဆေးလိပ်နဲ့ အရက် စွဲနေတယ်၊ မူးယစ်ဆေးတွေ သုံးမိနေတယ်ဆိုရင် ဒီနေ့ပဲ အဲဒီအကျင့်ဆိုးတွေကို ဖြတ်နိုင်ဖို့ ကြိုးစားလိုက်ပါ။

Ref: healthline.com


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က