အက်ဒွါဒို အီတူရာဒယ် ဂွန်ဇာလက်ဇ်က ရီးရဲလ်မက်ဒရစ်ဥက္ကဌ ဖလော်ရန်တီနို ပီးရက်ဇ်ဟာ ၂၀၁၀ ခုနှစ်တုန်းက ဘာစီလိုနာအသင်းကို ဆက်ဆံပုံနဲ့ပတ်သက်ပြီး ၎င်းကို ဖိအားပေးဖို့ ကြိုးပမ်းခဲ့ပြီး အခန်းထဲပါ ဆွဲသွင်းခဲ့တယ်လို့ ထုတ်ဖော်ပြောကြားခဲ့ပါတယ်။
၁၉၉၅ ခုနှစ်ကနေ ၂၀၁၂ ခုနှစ်အတွင်း စပိန်လာလီဂါမှာ ဒိုင်လူကြီးအဖြစ် တာဝန်ယူကိုင်တွယ်ခဲ့တဲ့ ဂွန်ဇာလက်ဇ်က ၂၀၁၀-၂၀၁၁ ရာသီတုန်းက ဒီပို့တီဗိုကို ရီးရဲလ်မက်ဒရစ်က ၆-၁ နဲ့ အနိုင်ရခဲ့တဲ့ပွဲအပြီး ပီးရက်ဇ်ရဲ့ အပြုအမူနဲ့ပတ်သက်ပြီး ထုတ်ဖော်ပြောဆိုမှုတွေ ပြုလုပ်ခဲ့တာဖြစ်ပါတယ်။
ဒီပြောဆိုမှုဟာ ရီးရဲလ်မက်ဒရစ်အသင်းရဲ့ လာလီဂါပြိုင်ဘက် ဘာစီလိုနာအသင်းက စပိန်ဒိုင်လူကြီးကော်မတီ ဒုဥက္ကဌဟောင်းကို လာဘ်ငွေ ပေါင် ၇.၃ သန်းပေးချေခဲ့တယ်ဆိုပြီး အကျင့်ပျက်ခြစားမှုနဲ့ စွဲချက်တင်ခံခဲ့ရပြီးနောက် ရက်ပိုင်းအကြာမှာ ထွက်ပေါ်လာတာ ဖြစ်ပါတယ်။
“ခင်ဗျား သူတို့တွေ လူအချို့အပေါ်မှာ ဘယ်လို ဖိအားပေးဖို့ ကြိုးစားလဲဆိုတာ မြင်နိုင်ပါတယ်။ ဒီပို့တီဗိုကို ၆-၁ နဲ့ အနိုင်ရရှိခဲ့တဲ့ပွဲစဉ်အပြီးမှာ ကျွန်တော်တို့ ကွင်းထဲကနေ ထွက်ခဲ့ပြီး လက်ထောက်ဒိုင်က ကျွန်တော်နဲ့ လိုက်လာတယ်။ ကျွန်တော့်ကို အခန်းထဲ ခေါ်သွင်းပြီး ‘ကျွန်တော် ခင်ဗျားကို ဘာစီလိုနာအတိုင်းပဲ ဝီစီမှုတ်ပေးဖို့ တောင်းဆိုတာပါ’ဆိုပြီး လူတစ်ယောက်က ပြောခဲ့တယ်။ ကျွန်တော် သူ့ကို ခင်ဗျား လာနောက်နေတာလားလို့ မေးခဲ့ပြီး သူ့ကို ပြောစရာစကားကုန်ပြီလို့ ပြောခဲ့တယ်။ သူက ကျွန်တော့်ကို အခန်းထဲမှာ ၂ ယောက်တည်း စကားပြောချင်ခဲ့တာပါ။ ကျွန်တော်က အဲဒီလို မလုပ်ပါနဲ့လို့ ပြောခဲ့ပါတယ်။ နောက်ထပ် နာရီဝက်လောက်အကြာမှာ ဒိုင်လူကြီး နည်းစနစ်ပိုင်းကော်မတီက အဲဒီအကြောင်းကို သိသွားခဲ့တယ်။ ကျွန်တော် သူတို့ တစ်ခုခုများလုပ်မလားလို့ ပြောပြခဲ့တယ်။ ဘာလို့လဲဆိုတော့ အဲဒါက ကျွန်တော့်အတွက် ပြင်းထန်တဲ့ပုံစံဖြစ်ခဲ့ပုံပေါ်လို့ပါ။ ဒါပေမယ့် အဲဒီကိစ္စကို ဘာမှမလုပ်ခဲ့ကြပါဘူး။ ကျွန်တော် အရင်တုန်းက အဲဒီလို ကျွန်တော် တခါမှ မဖြစ်ခဲ့ဖူးဘူး။ ဘယ်ဥက္ကဌကမှ ကျွန်တော့်ကို သီးခြား အခန်းတစ်ခန်းထဲကို ဆွဲမသွင်းဖူးဘူး။ ကျွန်တော် အချက်အလက်တွေကို ဂရုစိုက်ပါတယ်။ ကျွန်တော့်ကို သီးခြားအခန်းတစ်ခန်းထဲကို ဆွဲသွင်းတဲ့သူက ဖလော်ရန်တီနို ပီးရက်ဇ်ပါ။ ကျွန်တော် ဖုံးကွယ်ထားစရာအကြောင်းမရှိဘူး။ ဒိုင်လူကြီး နည်းစနစ်ပိုင်း ကော်မတီအဖွဲ့ဆီမှာ အစီရင်ခံစာ ရှိပါတယ်။ ဘာလို့လဲဆိုတော့ ကျွန်တော် သူတို့ သိအောင် တင်ခဲ့လို့ပါ။ အဲဒီတော့ သူတို့တွေ ဖိအားက ဘာလဲဆိုတာကို မြင်နိင်မှာပါ”လို့ ပြောကြားခဲ့ပါတယ်။
၂၀၁၀-၂၀၁၁ ရာသီမှာ ဘာစီလိုနာအသင်းက ရမှတ် ၉၆ မှတ်နဲ့ လာလီဂါဖလားကို အနိုင်ရရှိသွားခဲ့ပြီး ရီးရဲလ်မက်ဒရစ်အသင်း ၉၂ မှတ်နဲ့ ဒုတိယအဖြစ်နဲ့သာ ရာသီပြီးဆုံးနိုင်ခဲ့တာဖြစ်ပါတယ်။