တစ်ရာသီကို ၁၀ ဂိုး ဖျစ်ဖျစ်မြည်အောင် သွင်းနေရသူပါ။

ဘာစီလိုနာအသင်းဟာ ဂျူဗင်တပ်အသင်းမှာ အငှားနဲ့ သွားရောက်ကစားနေတဲ့ မိုရာတာကို ခေါ်ယူချင်နေတယ်ဆိုတဲ့ ကောလာဟလတွေဟာ အရှိန်အဟုန်နဲ့ ထွက်ပေါ်နေပါတယ်။

စပိန်တိုက်စစ်မှူးဟာ ဘာစီလိုနာအသင်းရဲ့ လာလီဂါပြိုင်ဘက် အက်သလက်တီကို မက်ဒရစ်အသင်းကနေ ဂျူဗင်တပ်အသင်းကို အငှားနဲ့ သွားရောက်ကစားနေသူဖြစ်ပြီး တူရင်မှာလည်း လက်ရှိအချိန်အထိ ခက်ခဲတဲ့ရာသီကို ကျော်ဖြတ်နေရသူဖြစ်ပါတယ်။ မိုရာတာဟာ ဂျူဗင်တပ်အသင်းအတွက် ယခုရာသီ စီးရီးအေ ၁၈ ပွဲ ပါဝင်ကစားပေးထားရာမှာ ၅ ဂိုးသာ သွင်းယူထားနိုင်သေးပြီး စွမ်းဆောင်ရည် ကျဆင်းနေတဲ့အသင်းမှာ တစ်စိတ်တပိုင်းအဖြစ် ပါဝင်နေခဲ့သူဖြစ်ပါတယ်။



ဒါပေမယ့်လည်း ဘာစီလိုနာနည်းပြ ဇာဗီက ဇန်နဝါရီအပြောင်းအရွှေ့ကာလမှာ တိုက်စစ်ကို အင်အားဖြည့်တင်းချင်တာကြောင့် အသက် ၂၉ နှစ်အရွယ် တိုက်စစ်မှူးကို အရဲစွန့်ပြီး ခေါ်ယူဖို့ အဆင်သင့်ဖြစ်နေပြီလို့ ယုံကြည်ရပါတယ်။ ကတ်တလန် ထိပ်သီးအသင်းကြီးဟာ မန်ချက်စတာစီးတီးတိုက်စစ်မှူး ဖာရန် တောရက်စ်ကို ခေါ်ယူနိုင်ခဲ့ပြီးဖြစ်ပြီး လက်ရှိမှာတော့ အထောင်တိုက်စစ်မှူးကောင်းကောင်း ရှာဖွေနေတာဖြစ်ပါတယ်။

ဒါပေမယ့်လည်း တွစ်တာလူမှုကွန်ရက်မှာ Barca Universal က ကောက်ယူခဲ့တဲ့ စစ်တမ်းအရ ဇန်နဝါရီအပြောင်းအရွှေ့ကာလအတွင်း နူးကမ့်ကို မိုရာတာ ရောက်လာမှာကို ဘာစီလိုနာပရိသတ်အများစုက မမြင်ချင်ကြဘူးလို့ သိရပါတယ်။ မိုရာတာဟာ ရီးရဲလ်မက်ဒရစ်အသင်းအတွက် ကစားပေးခဲ့တဲ့ အရင်တုန်းက ဆက်ဆံရေးဟာလည်း ဘာစီလိုနာနဲ့ အပြောင်းအရွှေ့အတွက် ကြီးမားတဲ့ အဟန့်အတားဖြစ်နေတာ သိသာနေပေမယ့် ဂျူဗင်တပ်အသင်းမှာ ပြသနေတဲ့ စွမ်းဆောင်ရည်အဆင့်အတန်းကလည်း ပရိသတ်တွေအတွက် အဓိကစိုးရိမ်စရာဖြစ်နေတာဖြစ်ပါတယ်။

စပိန်လက်ရွေးစင်တိုက်စစ်မှူးဟာ ၂၀၁၉-၂၀၂၀ ရာသီတုန်းက အက်သလက်တီကို မက်ဒရစ်အသင်းအတွက် လာလီဂါ ၃၂ ပွဲမှာ ၁၂ ဂိုးသာ သွင်းယူနိုင်ခဲ့ပြီး ပြီးခဲ့တဲ့ရာသီ ဂျူဗင်တပ်အသင်းနဲ့အတူ စီးရီးအေ ၃၂ ပွဲ ပါဝင်ကစားပေးခဲ့ရာမှာ ၁၁ ဂိုးသာ သွင်းယူနိုင်ခဲ့တာကြောင့် ခြေစွမ်းက တဖြည်းဖြည်း ကျဆင်းလာနေတယ်ဆိုတာ သိသာနေတာဖြစ်ပါတယ်။

ကစားသမားဘဝမှာ အလားအလာများစွာရှိကြောင်း ပြသခဲ့ပေမယ့်လည်း မိုရာတာဟာ ဘယ်တုန်းကမှ ဘောလုံးပြိုင်ပွဲမှာ ထိပ်သီးတိုက်စစ်မှူးတစ်ယောက်အဖြစ် သက်သေပြသနိုင်ခဲ့ခြင်းမရှိဘဲ ချဲလ်ဆီးအသင်းကို ကြီးမားတဲ့ ပြောင်းရွှေ့ကြေးနဲ့ ပြောင်းရွှေ့ခဲ့မှုကလည်း မျှော်မှန်းထားသလို ဖြစ်မလာခဲ့တာဖြစ်ပါတယ်။

ဘာစီလိုနာအသင်းဟာ လက်ရှိအချိန်မှာ တိုက်စစ်ကို ဦးဆောင်နိုင်မယ့် အမှားနည်းတဲ့ ဂိုးသွင်းရှင်မျိုး လိုအပ်နေတာဖြစ်ပြီး အသက် ၂၉ နှစ်အရွယ် တိုက်စစ်မှူးကတော့ သိပ်အများကြီး အားကိုးအားထားပြုဖို့ အစီအစဉ်မရှိထားဘူးဆိုရင် စျေးပေါပေါနဲ့ ခေါ်ယူနိုင်မယ့် ရွေးချယ်စရာတစ်ခုအဖြစ်တော့ ရှိနေတာ ဖြစ်ပါတယ်။

Share

Loading Next Article...
က္က