ဒီတပတ်ရဲ့ ပွဲကြီးပွဲကောင်းဖြစ်တဲ့ အာဆင်နယ်နဲ့လီဗာပူးတို့ပွဲကတော့ အပြန်အလှန်သွင်းဂိုးတွေနဲ့ ပရိသတ်တွေကို အကောင်းဆုံး ဖျော်ဖြေသွားခဲ့ပါတယ်။ အာဆင်နယ်က ဘယ်နောက်ခံလူနေရာမှာ တိုမီယာဆုကို ထားကစားခဲ့ပြီး လီဗာပူးရဲ့ တောင်ပံတွေကို ဟန့်တားဖို့ အကောင်းဆုံးပြင်ဆင်ခဲ့ပါတယ်။ လီဗာပူးကလည်း နူးနက်ဇ်၊ ဆာလာ၊ ဂျိုတာ၊ ဒီယက်ဇ်တို့နဲ့ တိုက်စစ်ကို ပွဲထွက်ခဲ့ပါတယ်။
ပွဲစတာနဲ့ အာဆင်နယ်အတွက် မာတီနယ်လီက ဦးဆောင်ဂိုး သွင်းယူပေးခဲ့ပြီး လီဗာပူးတို့ နောက်ကလိုက်ကစားခဲ့ရပါတယ်။ ဒီပွဲမှာလည်း ထုံးစံအတိုင်း လီဗာပူးနောက်တန်းက အာနိုးလ် ခံစစ်စွမ်းဆောင်ရည် ဆိုးရွားခဲ့ပြီး သူ့ရဲ့အားနည်းချက်တွေကတဆင့်ပဲ ဂိုးပေးခဲ့ရတာပါ။ လီဗာပူးအတွက် ချေပဂိုးကို ဒါဝင်နူးနက်ဇ်က ဒီယက်ဇ်ရဲ့ ဖန်တီးပေးမှုကတဆင့် သွင်းယူပေးခဲ့ပါတယ်။
ပထမပိုင်းပြီးခါနီးမှာတော့ အာဆင်နယ်တို့ တန်ပြန်တိုက်စစ်ကတဆင့် မထင်မှတ်ဘဲ ဦးဆောင်ဂိုးထပ်ရခဲ့ပါတယ်။ မာတီနယ်လီရဲ့ မွှေနှောက်မှုမှာ ဟန်ဒါဆန်ရော၊ အာနိုးလ်ရော မျောပါသွားခဲ့ပြီး ဆာကာက လွတ်လွတ်ကျွတ်ကျွတ် ပိတ်သွင်းခဲ့ပါတယ်။ လီဗာပူးအတွက် ကံဆိုးခဲ့တာတခုက ပထမပိုင်းမပြီးခင်မှာတင် ဒီယက်ဇ် ဒဏ်ရာကြောင့် ဖေမီနိုနဲ့ လူစားလဲခဲ့ရတာပါ။ ဒါ့အပြင် ကလော့ပ်ကလည်း ဒုတိယပိုင်းပြန်မစခင်မှာတင် အာနိုးလ်ကို ဂိုးမက်ဇ်နဲ့ လဲခဲ့ပါတယ်။
ဒီယက်ဇ်က ပထမပိုင်းမှာ အာဆင်နယ်ခံစစ်ကို ဒုက္ခအပေးနိုင်ဆုံး ကစားသမားဖြစ်ခဲ့ပါတယ်။ ဒါပေမယ့် ဒုတိယပိုင်းစပြီး သိပ်မကြာခင်မှာပဲ လီဗာပူးတို့ ချေပဂိုးရခဲ့ပါတယ်။ ဂျိုတာရဲ့ ဖန်တီးပေးမှုကတဆင့် ဖေမီနိုက အဆုံးသတ်ခဲ့တာပါ။ အာဆင်နယ်ပေးလိုက်ရတဲ့ ချေပဂိုးတွေမှာ ဂါဘရီရယ်၊ ဆာလီဘာတို့ရဲ့ အားနည်းချက်တွေရှိခဲ့တာကိုလည်း သေချာပေါက် လက်ခံရပါမယ်။
နောက်ပိုင်းမှာ လီဗာပူးတိုက်စစ်က အသက်မဲ့သလောက်ဖြစ်သွားခဲ့ပြီး အာဆင်နယ်ကပဲ ဆက်တိုက် တိုက်စစ်ဆင်ခဲ့ပါတယ်။ လီဗာပူးနောက်တန်း အသည်းအသန် ကာကွယ်နေခဲ့ရပေမယ့် (၇၅) မိနစ်မှာတော့ ပင်နယ်တီပေးလိုက်ရပြီး ဒီပင်နယ်တီကို ဆာကာက ကန်သွင်းယူသွားခဲ့ကာ ၃-၂ ဂိုးနဲ့ အာဆင်နယ်တို့ အနိုင်ရရှိခဲ့ပါတယ်။
ပထမပိုင်းမှာတုန်းက ဂျိုတာ ဘောလုံးပင့်တင်လိုက်တာကို ဂါဘရီရယ်လက်နဲ့ထိသလို ဖြစ်သွားခဲ့ပေမယ့် ပင်နယ်တီမရခဲ့တာက ဒီပွဲအတွက် အငြင်းပွားဖွယ်ရာတွေထဲက တခုဖြစ်သလို လီဗာပူးရဲ့ ခြေစွမ်းကလည်း ဒီပွဲမှာ အနိုင်ရဖို့ မထိုက်တန်ခဲ့တာကို လက်ခံရပါလိမ့်မယ်။