ကာတာကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ သံတမန်တယောက်ဖြစ်တဲ့ ခါလစ်ဆာလ်မန်ဟာ လိင်တူချစ်သူတွေကို စော်ကားပြောဆိုခဲ့တာကြောင့် ဝေဖန်ပြစ်တင်မှုတွေနဲ့ ရင်ဆိုင်နေရပါတယ်။ ဆာလ်မန်ဟာ ကစားသမားဟောင်းတယောက်ပဲဖြစ်ပြီး ဂျာမန်သတင်းဌာနနဲ့ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးတခုမှာ လိင်တူချစ်သူတွေကို ဝေဖန်သမုတ်ခဲ့တာပါ။
ဆာလ်မန်က “လိင်တူချစ်သူတွေအနေနဲ့ ကာတာနိုင်ငံက ဥပဒေတွေကို လက်ခံရပါမယ်။ လိင်တူဆက်ဆံတယ်ဆိုတာက ဒီမှာ အပြစ်ရှိတဲ့ကိစ္စပါ။ ခင်ဗျားတို့ Haram ရဲ့ အဓိပ္ပာယ်ကို သိမှာပါ။ ကျနော်က အရမ်းကြီး အယူသည်းတဲ့ မွတ်ဆလင်တယောက်တော့ မဟုတ်ပါဘူး။ ဒါပေမယ့် လိင်တူချစ်သူကိစ္စက စိတ်ပိုင်းဆိုင်ရာကို ထိခိုက်ပျက်စီးစေတဲ့အရာပါ” လို့ ပြောကြားသွားခဲ့ပါတယ်။
ကာတာကမ္ဘာ့ဖလားပြိုင်ပွဲအတွက် ကာဖူး၊ ဇာဗီတို့လို ကစားသမားဟောင်းတွေကို သံတမန်အဖြစ် ခန့်အပ်ထားပြီး ဆာလ်မန်ကလည်း ဒီကစားသမားဟောင်းတွေနဲ့ တန်းတူ သံတမန်အဖြစ် ခန့်အပ်ခံထားရတာပါ။ ဒါပေမယ့် အခု သူ့ရဲ့ ပြောစကားတွေကတော့ ပရိသတ်တွေအတွက် တော်တော်လေး စိတ်ပျက်ဖို့ ကောင်းပါတယ်။ ဖီဖာကလည်း ကာတာကမ္ဘာ့ဖလားမှာ ဘောလုံးကိုသာ အာရုံစိုက်ဖို့ ပြိုင်ပွဲဝင်အသင်း (၃၂) သင်းထံ စာရေးသား ပေးပို့ အသိပေးထားပါတယ်။
အခု ဆာလ်မန်ရဲ့ ပြောစကားကို LGBT လှုပ်ရှားသူတွေ၊ လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့တွေက ပြစ်တင်ဝေဖန်နေကြပါတယ်။ အထူးသဖြင့် ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဘောလုံးကို အာရုံမစိုက်ဘဲ အခြားသောကိစ္စတွေကို လိုက်လံအစဆွဲထုတ်နေတာက ကာတာနိုင်ငံဘက်ကသာဖြစ်ကြောင်း ဝေဖန်နေကြတာပါ။ ကာတာနိုင်ငံရဲ့ ကမ္ဘာ့ဖလားကျင်းပရေး အမှုဆောင်အရာရှိချုပ်ကလည်း လိင်တူချစ်သူပရိသတ်တွေကို ကမ္ဘာ့ဖလားပြိုင်ပွဲဆီ လာရောက်ဖို့ ဖိတ်ခေါ်ဖူးပါတယ်။
နာဆာအယ်လ်ခါတာက “ကာတာမှာ လူတိုင်း ဘေးကင်းမှာပါ။ လူတိုင်းကို ကျနော်တို့ ကြိုဆိုကြောင်း အမြဲတမ်း ပြောကြားခဲ့ပြီး ကျနော်တို့ တောင်းဆိုတာက ကာတာနိုင်ငံရဲ့ ဓလေ့ထုံးစံတွေကို လေးစားမှုရှိဖို့ပါပဲ” လို့ ပြောကြားဖူးပါတယ်။ ဒါပေမယ့် အခုချိန်မှာ ဆာလ်မန်က ဒါမျိုးပြောခဲ့တာကြောင့် ကာတာအဖွဲ့အစည်း အချင်းချင်းကြားထဲမှာကို ဒီကိစ္စနဲ့ပတ်သက်လို့ ကွဲပြားမှုတွေရှိနေတယ်ဆိုတာကို သိသာထင်ရှားစေခဲ့ပါတယ်။