မနေ့ညက ကစားခဲ့တဲ့ ယူ-၁၉ ယူရိုချန်ပီယံရှစ်ပြိုင်ပွဲ ဗိုလ်လုပွဲမှာ အင်္ဂလန်က အစ္စရေးကို နောက်ကလိုက်ကစားပြီး ၁-၃ ဂိုးနဲ့ အနိုင်ရရှိခဲ့ပါတယ်။ ဒီပွဲမှာ အစ္စရေးက ပထမပိုင်းမပြီးခင်မှာတည်းက ၁-၀ ဂိုးနဲ့ ဦးဆောင်ထားခဲ့တာပါ။ အဲ့ဒီနောက် ပွဲကစားချိန် (၅၂) မိနစ်မှာ မန်စီးတီးနောက်ခံလူ ကာလမ်ဒွိုင်းလီက အင်္ဂလန်အတွက် ချေပဂိုးသွင်းယူပေးခဲ့တာပါ။
နှစ်သင်းလုံးက အချိန်ပိုရောက်တဲ့အထိ ကစားခဲ့ရပြီး အချိန်ပိုမှာတော့ အက်စတွန်ဗီလာ လူငယ်ကစားသမားတွေဖြစ်တဲ့ ချူကူမီကာနဲ့ အာရွန်ရမ်ဆေးတို့က အင်္ဂလန်အတွက် အနိုင်ဂိုးတွေသွင်းယူပေးနိုင်ခဲ့တာကြောင့် အင်္ဂလန်က အစ္စရေးကို ၃-၁ ဂိုးနဲ့ အနိုင်ရဗိုလ်စွဲခဲ့တာဖြစ်ပါတယ်။
ဒီလိုမျိုး အင်္ဂလန်ယူ-၁၉ အသင်းရဲ့ အောင်ပွဲနဲ့ပတ်သက်လို့ အင်္ဂလန်စီနီယာ ကစားသမားနှစ်ယောက်ဖြစ်တဲ့ ဟယ်ရီကိန်းနဲ့ဂရီလစ်ရှ်တို့က အသီးသီး ချီးကျူးစကားဆိုခဲ့ကြပါတယ်။ ဂရီလစ်ရှ်ဟာလည်း ချူကူမီကာနဲ့ အာရွန်ရမ်ဆေးတို့နည်းတူ အက်စတွန်ဗီလာအကယ်ဒမီထွက် ကစားသမားတယောက်ဖြစ်ပြီး အခုချိန်မှာတော့ ဗြိတိန်ရဲ့ စံချိန်တင်ပြောင်းရွှေ့ကြေးရှင်တယောက်လည်းဖြစ်ပါတယ်။
အင်္ဂလန်လူငယ်အသင်းတွေဟာ သက်တမ်းအလိုက်ပွဲစဥ်တွေမှာ အောင်မြင်မှုတွေနဲ့ ယဥ်ပါးနေတဲ့ အသင်းတွေဖြစ်ပေမယ့် လက်ရွေးစင်အသင်းကြီးကတော့ ပြိုင်ပွဲကြီးတွေရဲ့ အဆုံးအဖြတ်အချိန်ကိုရောက်တိုင်း ရုန်းကန်နေရဆဲဖြစ်ပါတယ်။ အင်္ဂလန်ဟာ ပြီးခဲ့တဲ့ (၂၀၁၈) ကမ္ဘာ့ဖလားနဲ့ ယူရိုပြိုင်ပွဲတို့မှာ ဗိုလ်စွဲဖို့ ပရိသတ်တွေရဲ့ အလေးပေးခြင်းကိုခံခဲ့ရပေမယ့် မှန်းချက်နဲ့နှမ်းထွက်မကိုက်ခဲ့ပါဘူး။
လာမယ့် (၂၀၂၂) ကာတာကမ္ဘာ့ဖလားအတွက်လည်း အင်္ဂလန်အပေါ် ပရိသတ်တွေက ထုံးစံအတိုင်း အကြီးအကျယ်မျှော်လင့်နေကြဆဲဖြစ်ပြီး ဒီတခါပြိုင်ပွဲမှာရော ဆောက်ဂိတ်နဲ့ အင်္ဂလန်အသင်းသားတွေ ဘယ်လောက်အထိ လုပ်ပြနိုင်ဦးမလဲ စောင့်ကြည့်ရမှာဖြစ်ပါတယ်။