ဒီနေ့ခေတ်မှာ ဟူဒီလို့ တွင်တွင်ကျယ်ကျယ်ခေါ်နေကြတဲ့ ခေါင်းစွပ်စွယ်တာတွေဟာ နွေးထွေးမှုကိုတင်မကဘဲ စိတ်လုံခြုံမှု ကိုပါပေးစွမ်းနိုင်တယ်။ စွယ်တာမှာပါတဲ့ ခေါင်းစွပ်ကိုစွပ်လိုက်တဲ့အခါ နားနှစ်ဖက်တင်မကဘဲ စိတ်ထဲမှာပါ လုံခြုံနွေးထွေး သွားသလိုခံစားချက်က လူငယ်တွေကိုစွဲလန်းစေပါတယ်။ ဒါကြောင့်ပဲ ဆယ်စုနှစ်များစွာ လူငယ်ဖက်ရှင် ရေစီးကြောင်း တစ်ခုအနေနဲ့ ဟူဒီဈေးကွက်ကခိုင်ခိုင်မာမာရပ်တည်နေခဲ့တာပါ။ ဒီလိုလူငယ်တွေစွဲစွဲလန်းလန်းဝတ်ဆင်ကြတဲ့ ဟူဒီတွေမှာ စိတ်ဝင်စားစရာနောက်ခံသမိုင်းကြောင်းလည်း ရှိလို့နေပါတယ်။


မူလအစ


hood ဆိုတဲ့စကားလုံးက Anglo-Saxon စကားလုံး hōd ကနေဆင်းသက်လာတာဖြစ်ပြီး အင်္ဂလိပ်စကားလုံး hat နဲ့ရင်းမြစ် တူတူပါပဲ။ ခေါင်းစွပ်တွဲလျက်ပါတဲ့ ဝတ်ရုံတွေကို အလယ်ခေတ်(၅ ရာစုကနေ ၁၅ ရာစုနှောင်းပိုင်းအထိ) ဒါမှမဟုတ် အဲဒီထက်စောတဲ့ကာလလောက်ကတည်းက ဝတ်ဆင်ခဲ့ကြတယ်လို့ ခြေရာကောက်လို့ရပါတယ်။

Photo: Ifflay Road

ပထမဆုံး ခေါင်းစွပ်စွယ်တာ

ဝတ်ရုံလိုမဟုတ်ဘဲ ခေါင်းကနေစွပ်ချဝတ်ဆင်ရတဲ့စွယ်တာတွေမှာခေါင်းစွပ်တွဲလျက်ပါဝင်တဲ့ခေါင်းစွပ်စွယ်တာတွေကို ၁၉၃၀ လွန်နှစ်တွေမှာ Champion လို့အမည်ရတဲ့အမေရိကန်ကုမ္ပဏီတစ်ခုက စတင်ထုတ်လုပ်ရောင်းချခဲ့တာပါ။ အေးတဲ့ရာသီတွေ မှာ အပြင်ဘက်မှာအလုပ်လုပ်ရတဲ့ အလုပ်သမားတွေအတွက်အဓိကရည်ရွယ်ပြီးစတင်ထုတ်လုပ်ခဲ့တာဖြစ်ပါတယ်။ နောက်ပိုင်းမှာတော့ အားကစားနဲ့ကာယလေ့ကျင့်ခန်းတွေလုပ်ဆောင်ရာမှာ ဝတ်ဆင်နိုင်ဖို့ပါ ချဲ့ထွင်ထုတ်လုပ်ခဲ့ပါတယ်။


ဟစ်ဟော့ပ် ယဉ်ကျေးမှု၊ Rocky ရုပ်ရှင်နဲ့ ၁၉၇၀ လွန်နှစ်များ

အလုပ်သမားတွေနဲ့ အားကစားသမားတွေကြားမှာပဲ ဟူဒီဝတ်ဆင်မှုတွင်ကျယ်နေရာကနေ ၁၉၇၀ လွန်နှစ်တွေအတွင်းမှာ ဟစ်ဟော့ပ်ယဉ်ကျေးမှုထွန်းကားလာခြင်းနဲ့အတူ လူငယ်တွေကြားမှာ ဟူဒီဝတ်ဆင်မှုစတင်ရေပန်းစားလာပါတော့တယ်။ ၁၉၇၆ ခုနှစ်မှာ Rocky ရုပ်ရှင်ထဲမှာ အဓိကဇာတ်ကောင် Rocky အဖြစ်သရုပ်ဆောင်တဲ့ စတားလုံးက ဟူဒီဝတ်ဆင် အပြေးလေ့ကျင့်တဲ့ ဇာတ်ဝင်ခန်းတွေပါဝင်ခဲ့ပါတယ်။ အဲဒီရုပ်ရှင်က အော်စကာ ၃ ဆုနဲ့အတူအောင်မြင်မှုများစွာ ဆွတ်ခူးနိုင်လိုက်ပြီးနောက်မှာတော့ ဟူဒီဝတ်ဆင်မှုဟာရေပန်းစားသည်ထက်စားလာပါတော့တယ်။

Photo: Amazon News

Graffiti ၊စကိတ်သမားတွေနဲ့ တက္ကသိုလ်ကျောင်းသားတွေ

အဲဒီအချိန်ကာလလောက်မှာပဲ လွတ်လပ်မှုကိုမြတ်နိုးတဲ့ Graffiti သမားတွေဟာ အာဏာပိုင်တွေကိုရှောင်ရှားပြီး သူတို့ရဲ့ ခံစားချက်တွေကို ဖွင့်ထုတ်ထားတဲ့ လက်ရာတွေကို ဖန်တီးကြရာမှာ ကိုယ်ယောင်ဖျောက်နိုင်ဖို့ ဟူဒီတွေကို ဝတ်ဆင်ခဲ့ကြ ပါတယ်။ အဲဒီလိုပဲ စကိတ်သမားတွေဟာ အာဏာပိုင်တွေရဲ့ကန့်သတ်ချက်တွေကို ဆန့်ကျင်ပြီး မြို့အနှံ့သူတို့ရဲ့ စကိတ်အစွမ်းကိုပြရာမှာ ဟူဒီတွေကိုနှစ်သက်စွာရွေးချယ်ခဲ့ပါတယ်။ ဒါ့အပြင် ၁၉၇၀ လွန်နှစ်တွေအတွင်းမှာပဲ တက္ကသိုလ်ကျောင်းသားတွေကလည်း သူတို့ရဲ့သက်ဆိုင်ရာ တက္ကသိုလ်တံဆိပ်တွေရိုက်နှိပ်ထားတဲ့ ဟူဒီတွေကို ဝတ်ဆင်မှု ခေတ်စားလို့လာပါတယ်။

ဟူဒီ အသုံးအနှုံးစတင်ပေါ်ပေါက်ခြင်း

၁၉၇၀ လွန်နှစ်တွေကတည်းက လူငယ်တွေကြားရေပန်းစားနေခဲ့ပေမဲ့ ၁၉၉၀ လွန်နှစ်တွေရောက်မှ ခေါင်းစွပ်စွယ်တာတွေကို ဟူဒီလို့စတင် ခေါ်ဝေါ်သုံးစွဲခဲ့တာပါ။


အမှောင်ဘက်ခြမ်း

Photo: WBTV

ဘယ်အရာမဆို ကောင်းကွက်၊ဆိုးကွက်ရှိစမြဲဆိုတဲ့ စကားအတိုင်း ဟူဒီတွေဟာ ဒုစရိုက်မှုကျူးလွန်သူတွေအတွက်လည်း သူတို့ရဲ့ အသွင်အပြင်ကိုဖုန်းကွယ်ထားဖို့ အသုံးချစရာတစ်ခုဖြစ်လာခဲ့ပါတယ်။ ဒီအတွက် ဟူဒီဝတ်ဆင်မှုအပေါ် နိုင်ငံရေးခေါင်းဆောင်တွေကတောင် ဝေဖန်ကန့်ကွက်မှုတွေရှိခဲ့ပေမဲ့လည်း ဟူဒီဖက်ရှင်ရေစီးကြောင်းကိုတော့ ရပ်တံ့နိုင် ခဲ့ခြင်းမရှိပါဘူး။

Ref: Wiki , Rolling Stones, Iffley Road

Share

Loading Next Article...
က္က